ကရင်ပြည်နယ်၌ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီနှင့် မဟာမိတ်ဘက်က ၄၀၀ ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်ပြည်နယ်၌ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီနှင့် မဟာမိတ်ဘက်က ၄၀၀ ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

ဇူလိုင် ၆

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် နေ့စဉ် ထိတွေ့ တိုက်ပွဲများ ရှိခဲ့ရာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏မဟာမိတ်တပ်ဖြစ်သော BGF တပ်ဖွဲ့ဝင် ၄၁၀ ဦး သေဆုံးသွားကြောင်း KNU ဘက်က ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းအပြင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီနှင့်၎င်း၏ မဟာမိတ်တပ်ဖွဲ့ ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူ ၃၃၅ ဦး ရှိခဲ့ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်ကမူ ၁၇ ဦး ကျဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကမှု ကရင်ပြည်နယ် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်လေ့ မရှိပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ကရင်ပြည်နယ်အတွင်းသို့ နယ်မြေကျူးကျော် ဝင်ရောက်ပြီး တပ်အင်အား ဖြည့်တင်းနေမှုများကြောင့် ထိတွေ့တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း KNU ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောဆိုထားသည်။

စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ထားသော KNU တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများလည်း ရှိနေသည်။

ထိုင်း- မြန်မာနယ်စပ်အနီးရှိ ကော့ကရိတ်မြို့နယ်တောင်ပိုင်း စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကုန်းကို KNU လက်အောက်ခံတိုက်ခိုက်ရေး တပ်များဖြစ်သော KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စတင်ကာ တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းနေပြီး နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်။

ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အမြောက်အများ အသုံးပြုနေပြီး ဇွန်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော စစ်ဘေးဒုက္ခသည်များ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

#Mizzima

#ကရင်ပြည်နယ်

#KNU

#တိုက်ပွဲဖြစ်ပွား

#စစ်ကောင်စီတပ်ဖွဲ့

#BGF

#လေကြောင်းတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required