ခွင့်ပြုချက်မရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းအဆောက်အဦးများသို့ ကျူးလွန်ဝင်ရောက်ပါက အရေးယူမည်ဟု ထုတ်ပြန်

ခွင့်ပြုချက်မရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းအဆောက်အဦးများသို့ ကျူးလွန်ဝင်ရောက်ပါက အရေးယူမည်ဟု ထုတ်ပြန်

ဇူလိုင် ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရုံးခန်းနှင့်အဆောက်အဦးများအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ကျူး လွန်ဝင်ရောက်လာပါက တရားဥပဒေကြောင်းအရလည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရ လည်းကောင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ပါတီဗဟိုအလုပ်ကော်မတီက ယနေ့ ဇူလိုင် ၅ ရက်နေ့ ရက်စွဲဖြင့် သတိပေးချက်ထုတ်ပြန်ထားသည်။

ယခုအခါတွင် တရားဥပဒေ၏ အကာအကွယ်မဲ့မှုကိုအခွင့်ကောင်းယူ၍ အဖွဲ့ချုပ်မှ တရားဝင် တာဝန်ပေး အပ်ခန့်ထားခြင်းမရှိသူများသည်လည်း အဖွဲ့ချုပ်ရုံးအဆောက်အဦးအတွင်းသို့ အကြောင်းအမျိုးမျိုးပြ လျက် ဝင်ရောက်ရန်ကြံစည်ကြိုးပမ်းခြင်းများရှိနေကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော ပါတီရုံးများနှင့်အဖွဲ့ဝင်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေချိန်တွင် ပြည်သူ့ဆန္ဒနှင့်သွေဖည်ဆန့်ကျင်လျက် နည်းမျိုးစုံအကြောင်းပြ၍ အဖွဲ့ချုပ်၏ ရုံးခန်းအဆောက်အဦးများကို ဖွင့်လှစ်ရန်ကြံစည်ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား(လုံးဝ) ခွင့်ပြုခြင်းမရှိကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးအပါအဝင် တိုင်းနှင့်ပြည်နယ် များရှိ တိုင်းရုံး၊ မြို့နယ်ရုံး၊ ရပ်ကွက်/ကျေးရွာရုံးများကို မသမာသူအကြမ်းဖက်သမားများမှ ဥပဒေမဲ့ ဖျက်ဆီးလျက်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့ (NLD HRD-T) ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ ကောက်ယူရရှိထားသော စာရင်းများအရ ဗဟိုရုံးချုပ်အပါ အဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီရုံးများဖျက်ဆီးခံရမှုများမှာ စုစုပေါင်း (၁၀၆)ကြိမ် ရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။

NLD ပါတီရုံး ကျူးကျော်ဖျက်ဆီးခံရသော အချိန်အများစုမှာလည်း စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် ထား၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသာ သွားလာခွင့်ရှိသောအချိန်များတွင် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း လည်းဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင် ၂၂၄ ဦးတို့၏ နေအိမ် များနှင့်ပိုင်ဆိုင်မှုများကို အကြောင်းအမျိုးမျိုးပြ ဝရမ်းကပ်၊ ချိပ်ပိတ် သိမ်းဆည်းနေမှုများကျူးလွန်ထား ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#Mizzima

#NLD

#ရုံးခန်းအဆောက်အဦးများ

#ကျူးလွန်ဝင်ရောက်

#အရေးယူမည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required