လွှတ်တော်ကိုယ်စားလှယ်က တော်လှန်ရေးအတွက် စိန်လက်စွပ်ကို လေလံတင် ရောင်းချ

လွှတ်တော်ကိုယ်စားလှယ်က တော်လှန်ရေးအတွက် စိန်လက်စွပ်ကို လေလံတင် ရောင်းချ

ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန့်ဝေကျော် သည် ၎င်း၏ စိန်လက်စွပ်ကို တော်လှန်ရေးအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် လေလံတင်ရောင်းချနေကြောင်း သိရသည်။

လေလံတင်ရောင်းချပြီး ရရှိထားသည့်ငွေများကို NUG- MOD လက်အောက်ရှိ ဒေါ်သန့်ဝေကျော်၏ ဆန္နရှိရာ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ဘေးရှောင်ပြည်သူများဆီသို့ ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မ အလှူခံပိုစ့်တွေမတင်ဖြစ်ဘူး၊ ဒါပေမယ့် ကိုယ့်အဖွဲ့တွေကလည်း အားကိုးလို့ လာအကူညီတောင်းကြရင် ရှာဖွေပေးရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် ပစ္စည်းနဲ့ လေလံတင်ပြီး ရတဲ့ငွေကြေးကို ကျွန်မကူညီပေးချင်တဲ့အဖွဲ့တွေကို မျှတပြီး ပံ့ပိုးနိုင်ချင်တာရယ်၊ တော်လှန်ရေးမှာ မှတ်မှတ်သားသား ရှိနေချင်တာရယ်၊ တော်လှန်ရေးပါဝင်ကြသူတွေအနေနဲ့လည်း ငွေသားသက်သက် ကူလိုက်လှူလိုက်တာထက် ကျွန်မဆီကနေ အမှတ်တရပစ္စည်းတစ်ခု ပြန်ရစေချင်တာရယ် ပေါင်းပြီး လုပ်ဖြစ်တာပါ" ဟု လေလံတင်ရောင်းချဖြစ်ပုံကို ဒေါ်သန့်ဝေကျော် က ပြောသည်။

လေလံကြမ်းခင်းဈေးကို မြန်မာငွေ ၁၅ သိန်းမှ စတင်ရောင်းချထားပြီး အမြင့်ဆုံးဈေးပေးသူကို လက်ထဲအရောက်ပစ္စည်းပို့ပေးမည်ဖြစ်ကာ ရရှိသွားသူကိုလည်း NUG/MOD ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည်ဟုလည်း ၎င်းက ဆိုသည်။

“ကာလ သတ်မှတ်ချက်ကတော့ တစ်ပတ်ကနေ ၁၅ ရက်ထိ မျှော်မှန်းထားပါတယ်။ ဘယ်ရက်ရပ်မယ်လို့ တမင်မသတ်မှတ်ထားသေးတာပါ။ တန်ဖိုးသိပ်များသွားတာမျိုးလည်း မဟုတ်၊ သိပ်နည်းနေတာမျိုးလည်း မဟုတ်ပေါ့။ ကျွန်မမျှော်မှန်းထားတဲ့ ပမာဏ တစ်ခုကို ရောက်ရင် ကျွန်မ ရပ်မှာပါ၊ သင့်တင့်ပြီလို့ ကျွန်မသတ်မှတ်လိုက်ရင်လည်း ရပ်ပါ့မယ်။မရောက်ရင်လည်း အထက်ကပြောခဲ့သလို လေလံ post တင်တဲ့ရက်ကနေ အနည်းဆုံး တစ်ပတ်နဲ့ အလွန်ဆုံး ၁၅ ရက်မှာ ရပ်ပါမယ်”ဟု သူက ဆက်ပြောသည်။

ယခု ဒေါ်သန့်ဝေကျော် လေလံတင်သည့် လက်စွပ်သည် သူကိုယ်တိုင် ကျောက်ဝယ်စုပြီး ဝတ်ချင်သည့်ဒီဇိုင်းကို မိတ်ဆွေအမတ်တစ်ယောက်၏ ပန်းထိမ်တွင် အပ်ထားတာဖြစ်ကြောင်း ၊ ၎င်း၏အမျိုးသားက ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပြီး ပို့ထားသည့်ငွေများကို မပျောက်ပျက်ရအောင် စုပြီးလုပ်ထားခြင်းကြောင့် တန်ဖိုးထားပါကြောင်း ဆက်ရှင်းပြသည်။

ဒေါ်သန့်ဝေကျော်သည် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသူဖြစ်သည်။

#mizzima

#ဒေါ်သန့်ဝေကျော်

#လွှတ်တော်ကိုယ်စားလှယ်

#စိန်လက်စွပ်

#လေလံတင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly