တနင်္သာရီတွင် စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ် ၈၄ လုံး အနက် မြိတ်ခရိုင်မှ အများဆုံးပါဝင်

By ကိုရွှေမြိတ်
05 July 2022
တနင်္သာရီတွင် စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ် ၈၄ လုံး အနက် မြိတ်ခရိုင်မှ အများဆုံးပါဝင်

ဇူလိုင် ၅

တနင်္သာရီတိုင်း၊ ခရိုင်နှစ်ခုတွင် အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည့် လူနေအိမ် ၈၄ လုံး အနက် မြိတ်ခရိုင်မှ အိမ်များ အများဆုံး ပါဝင်နေကြောင်း Southern Monitor က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့များက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှ ၂၀၂၂ ခုနှစ် ဇွန် အထိ ၁၀ လအတွင်း အရပ်သား ပြည်သူနေအိမ် စုစုပေါင်း ၈၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် အများဆုံး မီးရှို့ဖျက်ဆီးခဲ့သည့် မြိတ်ခရိုင်ရှိ မြို့နယ်လေးမြို့နယ်တွင် ပုလောမြို့နယ်က အများဆုံးမီးရှို့ခံခဲ့ရပြီး ထားဝယ်ခရိုင်တွင် သရက်ချောင်းမြို့နယ်က အများဆုံးမီးရှို့ခံခဲ့ရကြောင်း Southern Monitor က ပြုစု ထားသည့် သတင်း အချက်အလက်များအရ သိရသည်။

စစ်ကောင်စီသည် ပုလောမြို့နယ်တွင် အရပ်သား ပြည်သူ နေအိမ် စုစုပေါင်း ၃၁ လုံး၊ သရက်ချောင်းမြို့နယ်မှာ ၂၅ လုံး၊ တနင်္သာရီမြို့နယ်တွင် ၁၈ လုံး၊ ထားဝယ်မြို့နယ်တွင် လေးလုံး၊ ရေဖြူမြို့နယ်တွင် သုံးလုံး၊ လောင်းလုံမြို့နယ်တွင် နှစ်လုံးနှင့် မြိတ်မြို့နယ်တွင် တစ် လုံး စုစုပေါင်း ၈၄ လုံးကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ မီးရှို့မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက် ချိန်နှင့် တိုက်ပွဲများ ဖြစ်ပွားသည့် နေရာဒေသများတွင် အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နေအိမ်များကို အကြမ်းဖက် ဝင်ရောက် မီးရှို့ဖျက်ဆီးရာတွင် စစ်ကောင်စီ လက်အောက်ခံ စရဖအဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီး အဖွဲ့များလည်း ပါဝင်နေကြောင်း Southern Monitor ၏ တာဝန်ရှိသူက ဆိုသည်။

#Mizzima

#တနင်္သာရီတိုင်း

#စစ်ကောင်စီ

#မီးရှို့ဖျက်ဆီး

#လူနေအိမ်၈၄လုံး

#မြိတ်ခရိုင်

#အများဆုံးပါဝင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly