အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်ထိပ်တန်းသံတမန် ပထမဆုံးခရီးစဉ် လာရောက်

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်ထိပ်တန်းသံတမန် ပထမဆုံးခရီးစဉ် လာရောက်

ဇူလိုင် ၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ယင်းသည် ယမန်နှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာသို့ လာရောက်သည့် ၎င်း၏ ပထမဆုံးသော ခရီးစဉ်လည်းဖြစ်သည်။

ဝမ်ယီသည် ဇူလိုင် ၃ ရက်၌ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ပုဂံမြို့၌ ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစည်းအဝေးတစ်ခုတွင် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ပူးပေါင်းတက်ရောက်သည်။

အဆိုပါ အုပ်စုသည် တရုတ် ဦးဆောင်သော အစီအစဉ်တစ်ခုဖြစ်ပြီး ယင်းတွင် မဲခေါင်မြစ်ဝှမ်း နိုင်ငံများ ပါဝင်သည်။ ရေစီးဆင်းမှုကို ပြောင်းလဲစေပြီး ဂေဟဗေဒဆိုင်ရာ ထိခိုက်ပျက်စီးမှုများအတွက် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေသည့် ရေအားလျှပ်စစ် စီမံကိန်း အရေအတွက် တိုးလာခြင်းကြောင့် မဲခေါင်မြစ်ဝှမ်းသည် ဒေသဆိုင်ရာ တင်းမာမှုများကို ဖြစ်စေနိုင်ဖွယ်ရာ ရှိသည့် ရင်းမြစ်တစ်ခုလည်း ဖြစ်သည်။

တရုတ်သည် လန်ချန်းဟု ခေါ်ဆိုသည့် မဲခေါင်မြစ် အထက်ပိုင်း တစ်ကြောတွင် ဆည် ၁၀ ခု တည်ဆောက်ထားသည်။

အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မှုက မြန်မာ၏ အချုပ်အချာအာဏာနှင့် ယင်း၏ အစိုးရကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သောကြာနေ့က နေပြည်တော်ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ဝန်ကြီးများသည် နားလည်မှု စာချွန်လွှာများနှင့် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးလိမ့်မည်ဟု ၎င်းက ပြောသည်။ အသေးစိတ်ကို ၎င်းက မပြောခဲ့ပေ။

ဝမ်ယီသည် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းမှုအပေါ် နိုင်ငံတစ်ဝန်း အကြမ်းမဖက် ဆန္ဒပြမှုများ လျင်လျင်မြန်မြန် ပေါ်ပေါက်ခဲ့သလို လက်နက်ကိုင် ခုခံတော်လှန်မှုကိုလည်း ဖြစ်ပေါ်စေခဲ့ရာတွင် ယခုအခါ ယင်းကို ပြည်တွင်းစစ်တစ်ခုအဖြစ် ကုလ ကျွမ်းကျင်သူအချို့က ပြောဆိုနေကြသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုသော အသေးစိတ်စာရင်းတစ်ခုအရ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုအပေါ် ဖြိုခွင်းနှိမ်နင်းမှုကြောင့် အရပ်သားပြည်သူ ၂,၀၅၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဝမ်ယီသည် ယမန်နှစ် မြန်မာစစ်အာဏာသိမ်းမှု မဖြစ်ခင် သုံးပတ်ခန့်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခဲ့သည်။

တရုတ်သည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်သလို ကာလကြာ မဟာမိတ်လည်း ဖြစ်သည်။ ပေကျင်းသည် မြန်မာ၏ သတ္တုလုပ်ငန်း၊ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် အခြားသော အခြေခံအဆောက်အအုံများတွင် ဒေါ်လာ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားသည်။ ထို့ပြင် တရုတ်သည် ရုရှနည်းတူ မြန်မာစစ်တပ်ကို အဓိက လက်နက်ပေးသွင်းရောင်းချသူလည်း ဖြစ်သည်။

တရုတ်သည် မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံအားပေးနေသည်ဟု မြန်မာနိုင်ငံရှိ လူအများအပြားက သံသယရှိကြသည်။ မြန်မာစစ်တပ် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချရန် တရုတ်က ငြင်းဆန်ထားသည်။

ယင်းအနေဖြင့် အခြားနိုင်ငံများ၏ အရေးကိစ္စများတွင် ဝင်မစွက်ဖက်ဆိုသည့် မူဝါဒတစ်ခုကို ကိုင်ဆွဲနေကြောင်း တရုတ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးက ပုဂံအစည်းအဝေးကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်သည့် အားထုတ်မှုတိုင်းက မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားကို ချိုးဖောက်ရာ ရောက်သလို လူအသိုင်းအဝိုင်း တည်ဆောက်မှုကို ထိခိုက်စေသည်ဟု ပြောသည်။

မြန်မာတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး ကျင်းပခြင်းက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို တိုက်ရိုက်ဆန့်ကျင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။

အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သော်လည်း မြန်မာ၏ အာဏာသိမ်းစစ်ကောင်စီသည် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် အနည်းအကျဉ်းမျှသာ လုပ်ထားပြီး ယင်း၏ ဝေ့လည်ကြောင်ပတ် လုပ်မှုကြောင့် အာဆီယံခေါင်းဆောင်များက အဓိကကျသည့် အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီ ခေါင်းဆောင်များကို တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့သည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်သည် မြန်မာသို့ နှစ်ကြိမ် လာရောက်ခဲ့သလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည်လည်း တရုတ်၌ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် နှစ်ကြိမ် တွေ့ဆုံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly