မြွေကျွန်းကို ရုရှက ဖော့စဖရတ်ဗုံးများဖြင့် တိုက်ခိုက်ဟု ယူကရိန်းစစ်တပ် စွပ်စွဲ 

မြွေကျွန်းကို ရုရှက ဖော့စဖရတ်ဗုံးများဖြင့် တိုက်ခိုက်ဟု ယူကရိန်းစစ်တပ် စွပ်စွဲ 

ဇူလိုင်လ ၂ ရက်

ပင်လယ်နက်ရှိ ကျောက်ဆောင်ထူထပ်သော မြွေကျွန်းမှ ရုရှသည် ၎င်းတပ်များ ရုပ်သိမ်းသွားပြီး နောက်တစ်နေ့ မီးလောင်စေတတ်သော ဖော့စဖရတ်ဗုံးများဖြင့် သောကြာနေ့တွင် တိုက်ခိုက်မှုများ လာရောက်ဆင်နွှဲကြောင်း ယူကရိန်းစစ်တပ်က စွပ်စွဲပြောဆိုသည်။ 

“ဒီကနေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ရုရှလေတပ်က SU-30 စစ်လေယာဉ်တွေဟာ ကျွန်းဆီကို ဖော့စဖရတ်ဗုံးတွေနဲ့ နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်တယ်”ဟု ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယူကရိန်းထံမှ ဂျုံများ တင်ပို့နိုင်ရေး ကုလသမဂ္ဂ၏ အားထုတ်မှုကို ရုရှအနေဖြင့် ကြားဝင်စွက်ဖက်မည်မဟုတ်ကြောင်းကို “ကောင်းမွန်သော သဘောထား” ဖော်ပြခြင်းအဖြစ် မြွေကျွန်းမှ တပ်နုတ်ခဲ့ခြင်း ဖြစ်သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ဖော်ပြသည်။ 

ရုရှက ၎င်းတို့ ကိုယ်တိုင် ကြေညာထားချက်အပေါ်မှာပင် လေးစားမှု မရှိကြောင်း ယူကရိန်းစစ်တပ်က သောကြာနေ့တွင် ပြောသည်။ 

ယူကရိန်းစစ်တပ်က ထုတ်ပြန်ချက်နှင့်အတူ ဗီဒီယိုတစ်ခုကိုလည်း ထုတ်လွှင့်ခဲ့ရာတွင် မြွေကျွန်းသို့ လေယာဉ်တစ်စင်း စစ်လက်နက်ခဲယမ်း လာကြဲသည်ကို မြင်တွေ့ရပြီး အဆိုပါက ကြဲချသည့်အရာမှ မီးခိုးဖြူတန်း ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။ 

ကောင်းကင်တွင် မီးခိုဖြူတန်း ထွက်စေသည့် ဖော့စဖရတ်လက်နက်များသည် မီးလောင်စေသော စစ်လက်နက်များဖြစ်ပြီး နိုင်ငံတကာကွန်ဗင်ရှင်းအရ အရပ်သားများအပေါ် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း စစ်ရေးပစ်မှတ်များကိုမူ ခွင့်ပြုထားသည်။ 

ရုရှသည် ဖေဖော်ဝါရီလ ကျူးကျော်ချိန်ကစပြီး အရပ်သား ဧရိယာများအပါအဝင် အဆိုပါ ဖော့စဖရတ်ဗုံးများကို မကြာခဏ အသုံးပြုခဲ့ကြောင်း ယူကရိန်းက စွပ်စွဲထားသော်လည်း ရုရှကမူ စွပ်စွဲချက်များကို ငြင်းဆန်သည်။ 

အမြောက်များနှင့် ဒုံးကျည်များ အတွဲလိုက် ပစ်ခတ်ခံရသည့်နောက်တွင် ရုရှက အဆိုပါ မြွေကျွန်းမှ တပ်ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းက အတည်ပြုဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly