ရန်ကုန်တိုင်းအတွင်း စီမံချက်ဖြင့် မီးဖြတ်ရန် ညွှန်ကြားထား၍ လျှပ်စစ်မီတာ ကြွေးကျန်ရှိသည့် နေအိမ်များအား မီးဖြတ်

ရန်ကုန်တိုင်းအတွင်း စီမံချက်ဖြင့် မီးဖြတ်ရန် ညွှန်ကြားထား၍ လျှပ်စစ်မီတာ ကြွေးကျန်ရှိသည့် နေအိမ်များအား မီးဖြတ်

ဇွန် ၂၈

ရန်ကုန်တိုင်းအတွင်းရှိ မီတာကြွေးကျန်ရှိသည့်နေအိမ်များကို စီမံချက်ဖြင့် မီးဖြတ်ရန် ညွှန်ကြားထား၍ မီတာကြွေးကျန် နည်းနည်းများများ မီတာဆောင်ထားခြင်းမရှိပါက မီးဖြတ်ခြင်း၊ မီတာပုံးအလုံးလိုက် ဖြုတ်သိမ်းခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူလျှပ်စစ်ဝန်ထမ်းများမှ လိုက်လံဆောင်ရွက်နေကြောင်း သိရှိရသည်။

''ကျွန်တော်တို့မြောက်ဥက္ကလာ (ဌ)ရပ်ကွက်ထဲမှာတော့ မီးလိုက်ဖြတ်နေတာ သုံး ရက်လောက်ရှိပြီ။ အရင်ကဆိုရင် မီတာမဆောင်တာ ကြွေးကျန် သုံးသိန်း အထက်တွေကိုပဲဖြတ်တယ်။ အခုကတော့ ကြွေးကျန် သောင်းဂဏန်းရှိနေရင်လည်း ဖြတ်တာပဲ။ ဘာသာရေး အမည်ပေါက်မီတာ (ဓမ္မာရုံ၊စေတီ)တွေကအစ မီတာ မဆောင်လို့ မီးဖြတ်သွားတယ်။ အထက်ကပြောတယ်ပေါ့။ ဇူလိုင်လအတွင်းမှာ ကြွေးကျန် လုံးဝမရှိစေရဘူး။ ဒီလအတွင်းစီမံချက်နဲ့ မီးကို အပြီးဖြတ်ရမယ်လို ညွှန်ကြား ထားတယ်လို့ သိရတယ်'' ဟုရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

မီးဖြတ်ရာတွင် နှစ်မျိုးခွဲခြားထားပြီ လုံးဝမီတာမဆောင်သည့်နေအိမ်များကို မီတာအလုံး လိုက်ဖြုတ်သိမ်းခြင်းနှင့် ကြွေးကျန်ရှိသည့် နေအိမ်များကို မီတာပုံးမှဝါယာကြိုးသာ ဖြုတ်ခြင်းတို့ကို လုပ်ဆောင်သည်။ မီတာကြွေးကျန်ရှင်းပြီးပါက အဆိုပါကြွေးကျန်ဆောင်ထားပြီးသား စာရွက်ကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် လျှပ်စစ်တာဝန်ခံထံ ပေးအပ်ပြီးပါက ပြန်လည် တပ်ဆင်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ကိုယ်တိုင်သေနတ်ခါးကြားထိုး၍ ရပ်ကွက်အတွင်း မီတာ ဆောင်ရန် ဖိအားပေး ခြိမ်းခြောက်ပြောဆိုနေသည်ဟု North Okkalapa Information လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ပုံစာ - (၂)ရပ်ကွက်အတွင်း အရပ်ဝတ်ဖြင့် မီးလိုက်ဖြတ်နေသည့်လျှပ်စစ်ဝန်ထမ်းများ။

#Mizzima

#ရန်ကုန်တိုင်း

#လျှပ်စစ်မီတာ

#ကြွေးကျန်အိမ်များ

#စီမံချက်

#မီးဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly