ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ ယာဉ်လမ်းကြောင်းဖောက်ခွဲခံရမှုတွင် ရဲ ၂ ဦးသေ ယာဉ်ထိန်းရဲ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ ယာဉ်လမ်းကြောင်းဖောက်ခွဲခံရမှုတွင် ရဲ ၂ ဦးသေ ယာဉ်ထိန်းရဲ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဇွန် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင်၏ ယာဉ်လမ်းကြောင်းကို SYM UGPDF အဖွဲ့မှ မိုင်းဖောက်ခွဲခဲ့ရာ ရဲ နှစ်ဦးသေပြီး၊ ယာဉ်ထိန်းရဲ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း မိမိတို့ SYM UGPDF က ဇွန်လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

တောင်ကြီးမြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က လာရောက်ခဲ့သော စစ်ကောင်စီတပ် ဒုတိယခေါင်းဆောင် စိုးဝင်း၏ ယာဉ်တန်းကို ပြောက်ကျားတပ်ဖွဲ့ SYM UGPDF က နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်တွင် မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး SYM UG အဖွဲ့က ဖောက်ခွဲခဲ့သော မိုင်းမှာ တောင်ကြီးမြို့မီးပွိုင့်တွင် ပေါက်ကွဲပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၏ ယာဉ်လမ်းကြောင်းကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စက္ကန့်အနည်းငယ်စော၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်‌သည်။

''ကျွန်တော်တို့လုပ်ခဲ့တဲ့မစ်ရှင်မှာ ခေါင်းဖြူ(ယာဉ်ထိန်းရဲ) နှစ်ကောင် ပြင်းထန်ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့သိရတယ်။ ရဲခွေး တပ်ကြပ်ကြီး တစ်ကောင်နှင့် ရဲခွေး တစ်ကောင် သေတယ်လို့ ဖရဲသီး သတင်းအရ သိရပါတယ်။ နောက်ထပ်သတင်းရထားတာတော့ ခွေးကားနှစ်စီးရဲ့ မှန်ကွဲသွားတယ်လို့လည်း ထပ်ပြီး သိရပါတယ်'' ဟု SYM UG အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

နောက်နောင်များတွင်လည်း SYM UGPDFမှ အခါအားလျော်စွာ မစ်ရှင်များကိုပြုလုပ်သွားမည် ဖြစ်ပါသဖြင့် မိဘပြည်သူများအနေနှင့် စစ်ကောင်စီတပ်နှင့် မပတ်သက်မိစေရန်နှင့် ၎င်းတို့၏အနီးအနားတွင် မနေကြရန် ထပ်မံတိုက်တွန်းနှိုးဆော်ကြောင်း SYM UGPDF မှ အသိပေးထားသည်။

ပုံ- တောင်ကြီးနွေဦးချန်နယ်

#mizzima

#တောင်ကြီးမြို့

#ဒုတိယခေါင်းဆောင်

#စက္ကန့်အနည်းငယ်စော

#နှစ်ဦးပြင်းထန်ဒဏ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly