ညောင်လေးပင်ခရိုင်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၂၀ နီးပါး သေဆုံး

ညောင်လေးပင်ခရိုင်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၂၀ နီးပါး သေဆုံး

ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ် နယ်မြေတွင် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၉ ဦးသေဆုံးသွားကြောင်း KNU က ယနေ့ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်မြေခံ KNLA တိုက်ခိုက်ရေးတပ် တို့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားတွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းအပြင် ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ငဗြက်အင်းကျေးရွာနှင့် အင်းနက်ကျေးရွာကြားတွင် အာဏာ သိမ်းစစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။

အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ တပ်ကြပ် ကြီးတစ်ဦးနှင့် စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးသန်းလွင် အပါအဝင် ၁၄ ဦး သေဆုံးခဲ့ ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်းနက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ “ရည်ရွယ်ချက်ရှိရှိ” လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းလည်း ဆိုသည်။

ထို့နောက် ဇွန်လ ၂၅ ရက်နေ့ ည ၅ နာရီခန့်တွင်လည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်း ကျေးရွာအရှေ့ဘက်တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး သေဆုံးခဲ့သေးကြောင်းဆိုသည်။

အဆိုပါ ညောင်လေးပင်ခရိုင်တွင် နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၁၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်များဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ဆိုသည်။

“ယခုလိုထိပ်တိုက် တိုက်ပွဲဖြစ်ပွားရခြင်းမှာ KNU-ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်မှုနယ်မြေ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာသော ကြောင့်ဖြစ်သည်” ဟု KNU ဘက်က ပြောထားသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆို ထားခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တွင်တာဝန်ရှိသည်နှင့်အညီ ကျူးကျော်ဝင်ရောက်သော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ် ကြောင်း ပြောသည်။

အဆိုပါ နှစ်ဘက်ထိတွေ့တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော်ခန့် အိုးအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသားကန့်ကွက်ထားသော KNU နှင့်စစ်ကောင်စီတပ်တို့အကြား နေ့စဉ် ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများနှင့် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

#Mizzima

#ညောင်လေးပင်ခရိုင်

#တပ်မဟာ(၃)

#ကရင်အမျိုးသားအစည်းအရုံး

#KNU

#KNLA

#တိုက်ပွဲပြင်းထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required