ငရုတ်ကောင်းမြို့တွင် PDF နှင့် ပတ်သက်သည်ဟု မတရားစွပ်စွဲ ဖမ်းဆီးခံထားရသည့် ဒေသခံ စစ်ကြောရေးတွင် သေဆုံး

ငရုတ်ကောင်းမြို့တွင် PDF နှင့် ပတ်သက်သည်ဟု မတရားစွပ်စွဲ ဖမ်းဆီးခံထားရသည့် ဒေသခံ စစ်ကြောရေးတွင် သေဆုံး

ဇွန် ၂၆

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် PDF နှင့် ပတ်သက်သည်ဟု မတရားစွပ်စွဲ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသားတစ်ဦးသည် စစ်ကောင်စီတပ်သားများ၏ စစ်ကြောရေး၌ နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာအနီးတွင် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသခံ ၁၅ ဦးကျော်ကို စစ်ကောင်စီတပ်များက မတရားစွပ်စွဲဖမ်းသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲမှ မိုးတိမ်ပြင်အုပ်စု အလယ်ရွာနေ ဦးဝင်းဘိုဆိုသူအား စစ်ကောင်စီတပ်သားများနှင့် ရဲများက ငရုတ်ကောင်း ရဲစခန်းတွင် ရိုက်နှက်စစ်ဆေးခဲ့ရာက သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ဦးဝင်းဘိုက မိုးတိမ်ပြင်အုပ်စု အလယ်ရွာမှာနေတဲ့ ဒလန်အကြီးစား ဗိန်းတောဆရာ အေးကို တိုင်လို့အဖမ်းခံလိုက်ရတာပါ။ပြီးတော့သူက သူ့ဖာသာအုန်းပင်တက်တဲ့ အလုပ်လုပ်စားနေတဲ့ ဒေသခံတစ်ယောက်ပါ။၁၃ ရက်နေ့က ဖမ်းသွားပြီး ကျန်ခဲ့တဲ့သုံးရက်လောက်ကမှ ငရုတ်ကောင်းရဲစခန်းမှာ စစ်သားတွေနှိပ်စက်လို့ သေပြီဆိုတာ သိရတာပါ"ဟု ဒေသခံကပြောသည်။

ဦးဝင်းဘို၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်များနှင့် ရဲများက မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ခြင်းမရှိသည့်အတွက် သင်္ဂြိုဟ်ခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ဆင်ငံကျေးရွာအနီး ကျေးရွာများတွင် အင်အားအများအပြားဖြင့် တပ်စွဲထားကြသည်ဟု သိရပြီး မတရားစွပ်စွဲဖမ်းဆီးခံထားရသည့် ဒေသခံများအား ပြန်လွှတ်မပေးဘဲ ငရုတ်ကောင်း ရဲစခန်းနှင့် ငပုတောမြို့နယ် ရဲစခန်းများတွင် ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

#mizzima

#စစ်ကောင်စီတပ်များ

#ငပုတောမြို့နယ်

#ရိုက်နှက်စစ်ဆေး

#သေပြီဆိုတာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required