လက်နက်ကြီးထိမှန်၍ကျဆုံးခဲ့ရသည့် CHUPDF ရဲဘော်ကို ၃ ရက်ကြာမှ သင်္ဂြိုလ်နိုင်

လက်နက်ကြီးထိမှန်၍ကျဆုံးခဲ့ရသည့် CHUPDF ရဲဘော်ကို ၃ ရက်ကြာမှ သင်္ဂြိုလ်နိုင်
ပုံ- ကျဆုံးရဲဘော် ကိုတိုးနိုင်ဝင်း

ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေစဉ် လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ရသည့် CHUPDF ရဲဘော်ကို သုံးရက်အကြာမှ သင်္ဂြိုလ်နိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်တွင် ကျဆုံးခဲ့ရသည့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ရဲဘော် ကိုတိုးနိုင်ဝင်း၏ နာရေးအခမ်းအနားကို ဇွန်လ ၂၀ ရက်က အကျဉ်းချုံး ကျင်းပခဲ့ခြင်းဖြစ်သည်။

“ ဒီထဲကိုဝင်ပြီးတော့ ဒီအလုပ်ကိုလုပ်ပြီဆိုမှတော့ ဒါကိုကြိုပြီးတော့ ပြင်ဆင်ထားပြီးသား၊ ကြိုတွေးထားပြီးသား။ အဲ့တော့ ညီလေးကျဆုံးသွားတဲ့အပေါ်မှာ သူတို့အနေနဲ့ ဂုဏ်ယူတာပဲရှိတယ်လို့ သူ့အကိုကပြောတယ်” ဟု CHUPDF ပြန်ကြားရေးတာဝန်ခံက ပြန်ပြောပြသည်။

အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ချောင်းဦးမြို့ပေါ်မှတဆင့် နှစ်မိုင်ခန့်ဝေးသည့် ညောင်ပင်တဲကျေးရွာသို့ ခြေလျင်ချီတက်လာစဥ် CHUPDF မှ ရဲဘော် နှစ်ဦးနှင့် ချောင်းဦး ပ.က.ဖ မှ ရဲဘော် တစ်ဦးတို့ ညောင်ပင်တဲ ကျေးရွာထိပ်၌ မိုင်းဆွဲတိုက်ခိုက်ရန် သွားရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

“ စစ်ကောင်စီရဲ့ထုံးစံအရ သူတို့ကို မိုင်းဆွဲမယ်လို့ ထင်ရတဲ့နေရာတွေအားလုံးကို လက်နက်ကြီးနဲ့ထုတယ်။ ဒီတစ်ခေါက်တော့ ထုတဲ့လက်နက်ကြီးက မိုင်းဆွဲတဲ့ရဲဘော်တွေနား တဲ့ကျတာ။ အဲ့အခါ ရဲဘော်တိုးနိုင်ဝင်းက အဲ့နေရာမှာတင် ကျဆုံးတယ်။ နောက်ထပ် နှစ်ယောက်က ဒဏ်ရာရတယ်” ဟု CHUPDF ပြန်ကြားရေးတာဝန်ခံကဆက်လက်ဆိုသည်။

ချောင်းဦးနယ်သား အသက် ၂၆ နှစ်အရွယ် ရဲဘော်ကိုတိုးနိုင်ဝင်းမှာ ၂၀၂၁ ခုနစ် ဒီဇင်ဘာလတွင် CHUPDF သို့ရောက်ရှိကာ မိုင်းစစ်ဆင်ရေးများတွင် လိုက်ပါဆောင်ရွက်ရင်း ၂၀၂၁ ခုနစ် ဇွန်လ ၁၈ ရက်နေ့၌ ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။

“ သင်္ဂြိုလ်တဲ့အခါ သူ့မိသားစုလည်းလာတယ်။ အကိုပေါ့။ မိန်းမသားတွေကိုတော့ မလာဖို့ပြောလိုက်လို့။ ဘာလို့တုန်းဆိုတော့ ရဲဘော်က လက်နက်ကြီးကို တည့်တည့်ထိတာဆိုတော့ ခန္ဓာကိုယ်က စဖြစ်ကတည်းက မပီတော့ဘူး။ သုံးရက်လောက်ကြာမှ ဘော်ဒီက ပြန်ရတော့ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေတော့ဘူး ” ဟု ၎င်းက ပြောသည်။

ရဲဘော်တိုးနိုင်ဝင်းသည် အိမ်ထောင်ကျသည်မှာ တစ်နှစ်မပြည့်သေးကြောင်းနှင့် ရဲဘော်များကြားတွင်လည်း အားကိုးရသည့် တပ်ဖွဲ့အတွက်ဆုံးရှုံးမှုကြီးမားကြောင်းလည်း CHUPDF တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ကျဆုံးအာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များမှ ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CHUPDF တပ်ဖွဲ့ဝင်များက ကတိသစ္စာ ပြုခဲ့သည်။

#ချောင်းဦးမြို့နယ်

#ရဲဘော်တိုးနိုင်ဝင်း

#ကျဆုံး

#CHUPDF

#မိုင်းဆွဲ

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly