ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ဦးကျော်သေဆုံး

By လွှမ်းမိုး
22 June 2022
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ဦးကျော်သေဆုံး

ဇွန် ၂၂

စစ်ကိုင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မုံရွာ န.မ.ခ စစ်တိုင်းရုံးမှ မန္တလေး ဘက်သို့ ထွက်ခွါလာသော ကား ၉၈ စီးပါ စစ် ကောင်စီ ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၁ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ် ခွါနိုင်ခဲ့ကြောင်း CHUPDF မှ ရဲဘော် ကိုနေရောင်က ဆိုသည်။

"စစ်ကား ၉၈ စီးပါ စစ်ကောင်စီ ယာဥ်တန်း မှာ ကိုးစီးမှာပဲ စစ်အင်အား အပြည့်ပါတယ်ဗျ ။ ကျန်တဲ့ ၈၉ စီးက ခါလီ တွေဗျ။ ပဒေသာမိုင်း နှစ်လုံးတွဲ က သုံးဆိုင်း၊ သုံးလုံးတွဲ တစ်ဆိုင်း ၊ မိုင်းအကြီးစား တစ်လုံးရယ် ကျွေးမွေးဧည့်ခံ(မိုင်းဆွဲတိုက်ခိုက်)လိုက်တာပါ”ဟု CHUPDF မှ ရဲဘော် ကိုနေရောင်က ပြောသည်။

ခင်မွန်ကျေးရွာနှင့် ချောင်းဦးမြို့အကြားက မီးပွိုင့်တွင် စစ်ကောင်စီတပ်ဖွဲ့ ကားများအနက် အင်အား အများဆုံးပါဝင်သည့် နံပါတ် (၄)၊ နံပါတ် (၁၂) နှင့် နံပါတ် (၁၃) ယာဉ်တို့ကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ ကားသုံးစီးလုံး လမ်းဘေးတွင် ထိုးရပ်သွား၍ နံပါတ် (၁၃)ကားမှာ မီးလောင်သွားကြောင်း၊ နောက်ထပ် ချောင်းဦးမြို့ အဝင်မီးပွိုင့်တွင် ရှေ့ထွက်မိုင်း တစ်လုံးနှင့် နှစ်လုံးတွဲ ပဒေသာ မိုင်း တစ်ဆိုင်း ထိထိရောက်ရောက် တိုက်ခိုက်လိုက်နိုင်ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွါးရာအနီးရှိ မြို့ခံများ၏ ပြောကြားချက်အရ ကားရှေ့ဘီး ကျွတ်ထွက်လာပြီး ရှေ့ဘီးမပါသည့် ကားက အတောင် ၃ဝခန့်အထိ လွင့်ထွက်သွားကြောင်း၊ သေနတ်များဖြင့် ပစ်ခတ်နေ၍ အဆိုပါပွိုင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သေဆုံးမှုကို မသိလိုက်ရကြောင်း CHUPDF မှ ရဲဘော် ကိုနေရောင်က ဆိုသည်။

အဆိုပါတိုက်ပွဲကို CHUPDF နှင့် People's Defence Force - South Monywa အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

#စစ်ကိုင်းတိုင်း

#ချောင်းဦးမြို့နယ်

#ခင်မွန်ကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#ယာဉ်တန်း

#မိုင်းဆွဲတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required