ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

ဇွန် ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဒေသခံ လူမှုရေးနှင့် စစ်ဘေးရှောင်အရေးများတွင် တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (လူထုဇော်ဝင်း) ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက အတည်ပြုပြောသည်။

ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ရှိနေစဉ် အင်အား ၂၀ ဝန်းကျင်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော မြို့ခံတစ်ဦးက ပြောသည်။

ကိုဇော်ဝင်းကို မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရသေးပေ။

ကိုဇော်ဝင်းသည် စစ်ဘေးဒုက္ခသည်အရေး၊ လယ်ယာမြေအရေးနှင့် ဒေသတွင်း လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကျောက်တော် မြို့၌ မူးယစ်သောက်စားနေသော ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

လက်ရှိကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားတိုးချဲ့ကာ နေအိမ်အထိ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် မြို့တစ်ခုလုံး ငြိမ်သက်နေပြီး ပြည်သူများ သတိထားနေထိုင်ကြရန် မြို့ခံများက လူမှုကွန်ရက်ပေါ်တွင် နှိုးဆော်ထားသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက AA တပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီက နေအိမ်အထိ လိုက်လံဖမ်းဆီးမှုများ ရှိနေသည့်အတွက် တန်ပြန်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းဖြစ်ကာ တပ်စခန်းနှင့် နီးစပ်သည့်နေရာများသို့ မသွားလာကြရန် သတိပေးထားသည်။

#ရခိုင်ပြည်နယ်

#ကျောက်တော်မြို့

#တက်ကြွလှုပ်ရှားသူ

#လူထုဇော်ဝင်း

#ဖမ်းဆီးခံရ

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required