မန္တလေးမြို့တွင် စစ်ကောင်စီတပ်သား သေနတ်ဖြင့်ပစ်သတ်ခံရပြီး နိုင်ငံခြားဘာသာတက္ကသိုလ် ဗုံးပစ် တိုက်ခိုက်ခံရ

မန္တလေးမြို့တွင် စစ်ကောင်စီတပ်သား သေနတ်ဖြင့်ပစ်သတ်ခံရပြီး နိုင်ငံခြားဘာသာတက္ကသိုလ် ဗုံးပစ် တိုက်ခိုက်ခံရ

ဇွန် ၂၁

မန္တလေးမြို့တွင် ယနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းက စစ်ကောင်စီစစ်သားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ပြီး စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် နိုင်ငံခြားဘာသာတက္ကသိုလ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“မနက် ၈ နာရီလောက်ပဲရှိဦးမယ် အဲဒီစစ်သား သူ့မိဘအိမ်ပြန်လာတာကို ကြိုသတင်းရလို့ထင်တယ်၊ ဓမ္မာရုံနားမှာ သေနတ်နဲ့ပစ်သွားတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည့်စစ်သားမှာ ၎င်း၏မိဘနေအိမ်ဖြစ်သည့် မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက် အောင်ချမ်းသာရပ်သို့ ခေတ္တပြန်လာစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ကျည်ဆန်ရာလေးချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်မြေသာစံမြို့နယ် ၆၂ လမ်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ကို ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုမှာ ကျောင်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကိုင်များအား ဦးတည် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။

“ကျောင်းထဲကိုလှမ်းပစ်သွားတာ ဆိုင်ကယ်တွေရပ်နားတဲ့ခေါင်မိုးပေါ်ကျပြီး ဗုံးကပေါက်တာ။ ခေါင်မိုး ပျက်စီးတာလောက်ပဲရှိတယ်။ လုံခြုံရေးတွေကလည်းပြန်ပစ်တယ် အထိအခိုက်တော့မရှိခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ယနေ့နံနက်ဖြစ်စဉ်များကြောင့် မန္တလေးမြို့နေရာအနှံ့အပြားကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

#Mizzima

#မန္တလေးမြို့

#စစ်ကောင်စီတပ်သား

#နိုင်ငံခြားဘာသာတက္ကသိုလ်

#သေနတ်ဖြင့်ပစ်သတ်ခံရ

#လက်ပစ်ဗုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required