ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌအား သုတ်သင်ခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန် ကြေညာ

ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌအား သုတ်သင်ခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန် ကြေညာ

ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှ စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌအား သုတ်သင်ခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စစ်ကောင်စီသတင်းပေး ဦးကျော်ငြိမ်းဆိုသူမှာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။

ဦးကျော်ငြိမ်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်အတွင်း ပင်းတယမြို့နယ်တွင် ဆန္ဒပြမှုများစတင် ချိန်ကတည်းက ပါဝင်လှုပ်ရှားသူများကို စောင့်ကြည့်တိုင်တန်းခြင်း၊ ပြည်သူများကိုဖမ်းဆီးရာတွင် ဦးဆောင်လမ်းပြခြင်း၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့အဖြစ်ဝင်ရောက်ရန် ပိုက်ဆံပေးကာ ရွာများတွင် လိုက်လံစည်းရုံးမှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံများမှပြောသည်။

အဆိုပါပစ်ခတ်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့JPGF( B-06)မှ သေနတ်ဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဇွန်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

“ ဦးကျော်ငြိမ်းက တောင်ရိုးလူမျိုး အနေအေး၊ သဘောကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ရပ်တည်ချက်က စကစအလိုကျဖြစ်နေတယ်။ စကစခိုင်းသမျှ အကုန်လုပ်တယ်။ ဓနုပြည်သူ့စစ်ဖော်ဆောင်ဖို့အတွက် မနား မနေသွားလာလှုပ်ရှားနေတယ်။သူ့ဇာတိ ကျားကုန်းရွာနဲ့ အနီးတဝိုက် တည်ပင်အပေါ်ရွာ၊ အောက်ရွာမှာ ရှိတဲ့လူငယ်တွေကို အမြဲစောင့်ကြည့်နေတယ်။ နည်းနည်းလှုပ်တာနဲ့ ဆွဲစိဖို့ပေါ။ ပျူတွေကိုလိုက်ပြီး စည်း ရုံးနေတဲ့သူ။ ဒါတွေကြောင့် သူ့ကိုရှင်းရတာပါ” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF ( B-06) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဦးကျော်ငြိမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ရိုးသားသော တောင်ရိုးတိုင်းရင်းသားများအား လူမျိုးရေးအထင်မြင်လွဲမှားအောင် ဝါဒဖြန့်မှုများပြုလုပ်လျက်ရှိကြောင်း၊ မိမိတို့ ချိုးဖြူပြောက်ကျား တပ်ဖွဲ့မှာ ယခုလိုကာလမျိုးတွင် လူမျိုးကို လုံးဝကြည့်နေစရာအကြောင်းမရှိကြောင်း၊ စစ်ကောင်စီ လက် ကိုင်တုတ်မှန်သမျှ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ရာထူးရှိနေပါစေ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။

“ ပင်းတယမှာ စစ်ဒေါက်တိုင်တွေအားလုံးနီးပါး ဖြုတ်ပြီးပြီဆိုတော့ ရှေ့ဆက် စကစတွေကိုဖြုတ်တော့မှာ ဖြစ်လို့ ပြည်သူတွေ သတိဝီရိယနဲ့နေကြဖို့နဲ့ စစ်ခွေး၊ ရဲခွေးတွေရဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေကနေ ဝေးဝေးရှောင်ကြဖို့သတိပေးချင်ပါတယ်” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF(B-06)မှ ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ပင်းတယမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူများအသတ်ခံရသည့်အနက် ဦးကျော်ငြိမ်းမှာ ခုနစ်ဦး မြောက်ဖြစ်ကြောင်း၊ အစောပိုင်းအသတ်ခံရသူများမှာ ဦးကျော်ဝင်း၊ ဦးစိန်ကျော်ဝင်း၊ ဦးဖေဝင်း၊ ကိုဦး၊ ဦးမိုးမြင့်သူ၊ ဦးရွှေဖီတို့ဖြစ်ပြီး ၎င်းတို့ခုနစ်ဦးလုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF မှ မဟာမိတ်များနှင့် ပူးပေါင်းပြီး သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#ပင်းတယမြို့နယ်

#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

#စစ်ကောင်စီသတင်းပေး

#သုတ်သင်ရှင်းလင်း

#ချိုးဖြူပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required