တနင်္သာရီမြို့နယ်မှ ကော့သောင်းမြို့နယ်သို့ သွားသည့် ခရီးသည်တင်ကားများကို စစ်ဆေးမှု တင်းကျပ်

By ကိုရွှေမြိတ်
21 June 2022
တနင်္သာရီမြို့နယ်မှ ကော့သောင်းမြို့နယ်သို့ သွားသည့် ခရီးသည်တင်ကားများကို စစ်ဆေးမှု တင်းကျပ်

တနင်္သာရီ၊ ဇွန်လ၊ ၂၁

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ်သို့ သွားသည့် လမ်းပိုင်းတချို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းများတွင် စစ်ဆေးမှုများ တင်းတင်း ကျပ်ကျပ် ပြုလုပ်နေကြောင်း မြိတ်အခြေစိုက် ခရီးသည်တင် ယာဉ်လိုင်းများထံက သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးရေ ၂၀ ကျော်မှ ၃၀ နီးပါးအထိ ဇဝဲလမ်းဆုံ၊ တနင်္သာရီမြို့ အဝင်တံတား၊ ဘုတ်ပြင်း၊ ခမောက်ကြီးနှင့် ကော့သောင်း ၊ဆယ်မိုင် စသည့် စစ်ဆေးရေးဂိတ် ငါးခုထက်မနည်းတွင် ဂိတ်ချ စစ်ဆေးနေသည်ဟု ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းသူ တစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းသူ တစ်ဦးက“စစ်ဆေးတာကတော့ တော်တော် ကြမ်းတယ်။ ဘာတွေ စစ်ဆေးလဲတော့ မသိဘူး ။ အရင်က ဒီလိုမျိုး ဂိတ်တွေ အများကြီး ချပြီး စစ်တာ မရှိဘူး”ဟု ပြောသည်။

ထို့အပြင် စစ်ဆေးသည့် ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်နှင့် ချိန်ပြီး စစ်ဆေးသည် အထိ ပြုလုပ်ခြင်းများရှိကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အများစုမှာ တနင်္သာရီမှ ကော့သောင်းသို့ သွားသည့် ယာဉ်လိုင်းများကိုသာ အဓိကထား စစ်ဆေးခြင်း ဖြစ်ပြီး အပြန်ခရီးသည်တင် ယာဉ်လိုင်းများကိုမူ အစစ်အဆေး နည်းကြောင်း သိရသည်။

“သူတို့ စစ်တဲ့အထဲမှာ မှတ်ပုံတင်မရှိ၊ ထောက်ခံစာ မရှိသူတွေကို တွေ့ရင် ဒဏ်ငွေဆိုပြီး ငွေကျပ် တစ်သောင်းပေးရတယ်”ဟု ခရီးသည် တစ်ဦးက ပြောသည်။

ထို့ပြင် ခရီးသည်တင်ယာဉ် အချို့သည် စစ်ကောင်စီ အင်အားများသည့် စစ်ဆေးရေး ဂိတ်များတွင် ငွေကျပ် သိန်းချီပေးနေကြောင်း သိရသည်။

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#တနင်္သာရီမြို့နယ်

#ကော့သောင်းခရိုင်

#ခရီးသည်တင်ယာဉ်

#စစ်ဆေးမှုတင်းကျပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly