တရုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆောက်အအုံပြိုကျကာ လူ ၅ ဦးသေဆုံး

တရုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆောက်အအုံပြိုကျကာ လူ ၅ ဦးသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွာတစ်ရွာ၌ သစ်သားအဆောက်အအုံ ပြိုကျကာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လျူကျိုးမြို့ရှိ ရောင်ရှူးမြောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီနှင့် ရောင်ဂန်ကောင်တီတို့တွင် ဇွန် ၁၇ ရက်မှ ၁၈ ရက်မနက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အချို့နေရာများတွင် မိုးရေချိန် ၃၈၅ ဒသမ ၆ မီလီမီတာအထိ မိုးရွာသွန်းခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သစ်သားအဆောက်အအုံတစ်လုံးပြိုကျပြီးနောက် ရောင်ရှူးခရိုင် ဂူဒူရွာတွင် လူ ၅ ဦး ပျောက်ဆုံးနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ဒေသန္တရအရေးပေါ်စီမံခန့်ခွဲမှု၊ သဘာဝအရင်းအမြစ်များ၊ မီးသတ်နှင့် ကျန်းမာရေးဌာနများမှ လူပေါင်း ၁၀၀ ကျော်ပါသည့်အဖွဲ့ကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်ထားသည်။

ပျောက်ဆုံးနေသူ ၅ စလုံး သေဆုံးနေသည်ကို တွေ့ရှိပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ရပ်နားခဲ့ကြောင်း ခရိုင်အစိုးရက ပြောကြားခဲ့သည်။

အနီးအနားဒေသများမှ နေထိုင်သူများကိုလည်း ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ပြည်နယ်အတွင်း ဇွန်လ ၂၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly