စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသူကို မြစ်ကြီးနား ဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ပြင်ဆင်နေ

စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသူကို မြစ်ကြီးနား ဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ပြင်ဆင်နေ

ဇွန် ၂၀

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ကရမ်းသန်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့သူကို မြစ်ကြီးနားဆေးရုံသို့ပြောင်းရွှေ့ကုသရန်ပြင်ဆင်နေ ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာအနီးရှိ အကျဉ်းထောင်မှ ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ရာ မှော်ပုံကျေးရွာလမ်းသွယ်(၉)ထိပ်နှင့် စိမ်းလဲ့အောင်ကျောက်ဖြတ် ခုံတွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယာလက်ပြင်နှင့် ခန္တာကိုယ်ဘေးတစ် လျှောက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ဖားကန့်ဆေးရုံကြီးမှ မြစ်ကြီးနား ဆေးရုံကြီးသို့ အရေးပေါ်ပြောင်းရွှေ့ကုသပေးဖို့ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးကပြောပြသည်။

“အခုနောက်ဆုံးသိရတာတော့ လူနာကမဆုံးသေးဘူး အခြေနေတော့ ဆိုးတယ်။ ဒါကြောင့် မြစ်ကြီးနား ကို ပို့ဖို့လုပ်နေတယ် ” ဟု ၎င်းကပြောသည်။

ကျန်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ နဖူး၊ ပေါင်၊ ခြေသလုံးနှင့် ခြေဖမိုးတို့တွင်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရသည့်အတွက် ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အသက်အန္တရာယ်စိုးရိမ်ရသူမှာ အသက်(၅၄)နှစ်ခန့်အရွယ် ဒေါ်ခင်ညိုဝင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ အသက် (၁၃)နှစ်ခန့်အရွယ် မနန်းမို့မို့အေးနှင့် အသက်(၁၇)နှစ်ခန့်အရွယ် မောင်စိုင်းခေါင်မြတ်ထွဋ်တို့ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း မှော်ပုံကျေးရွာတွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်သည့် လက် နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သေးသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက် ညနေပိုင်းကလည်း ဖားကန့်မြို့ စုပေါင်းရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#လက်နက်ကြီးကျည်

#ရမ်းသန်းပစ်ခတ်

#အရေးပေါ်ပြောင်းရွှေ့ကုသ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required