ပင်းတယမြို့ရှိ စစ်ကောင်စီသတင်းပေးဆိုသူ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ပစ်သတ်ခံရ

ပင်းတယမြို့ရှိ စစ်ကောင်စီသတင်းပေးဆိုသူ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ပစ်သတ်ခံရ

ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီသတင်းပေး ဦးကျော်ငြိမ်းဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ၍ ယနေ့ ဇွန်လ ၁၈ရက်၊ နံနက် ၁၀ နာရီခန့်အချိန်တွင် သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

'' ဒလန်အကြီးစားတွေက ကျည်ကာတွေဝတ်ထားတော့ သွားရှင်းတိုင်းမသေဘဲ ဆေးရုံရောက်ကုန်လို့ ဒီကောင်ကိုတော့ ခေါင်းတည့်တည့်ပစ်ခဲ့တယ်လို့သိရတယ်ဗျ။ သူ့ကိုရှင်းဖို့ဝင်သွားတော့ သူက သူနားမှာရှိတဲ့အတိုနဲ့ ပြန်ပစ်ဖို့အလုပ်မှာလက်ဦးမှုရယူပြီး ခေါင်းတည့်တည့်တစ်ချက်ထဲပစ်ပြီး ပြန်ထွက်လာခဲ့တယ်လို့ဆိုပါတယ်။ အရှင်းခံရပြီးအခုရင်ခွဲရုံရောက်နေပြီ။ ဒီနေ့ပဲ သင်္ဂြိုဟ်မယ်လို့ သိရတယ် '' ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပင်းတယဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးကျော်ငြိမ်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

၎င်းသည် သပိတ်ထွက်စဉ်ကာလကတည်းက ပါဝင်လှုပ်ရှားသူများကို စောင့်ကြည့်တိုင်တန်းခြင်း၊ ပြည်သူများကို ဖမ်းဆီးရာတွင် ဦးဆောင်လမ်းပြခြင်း၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့အဖြစ်ဝင်ရောက်ရန် ပိုက်ဆံပေးကာ ရွာများတွင် လိုက်လံစည်းရုံးမှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံများမှပြောသည်။

'' သူ့ဇာတိကျားကုန်းရွာနှင့် အနီးတဝိုက် တည်ပင်အပေါ်ရွာအောက်ရွာမှာ ရှိတဲ့ လူငယ်တွေကိုအမြဲစောင့်ကြည့်နေတယ်။ နည်းနည်းလှုပ်တာနဲ့ ဆွဲစိဖို့ပေါ။ ပျူတွေ ကိုလိုက်ပြီးစည်းရုံးနေတဲ့သူ '' ဟု အခြားဒေသခံတစ်ဦးမှလည်း ဆိုသည်။

အဆိုပါ ပစ်သတ်ခံရသူ ဦးကျော်ငြိမ်း ( အသက် ၅၀ နှစ်) ဝန်းကျင်အရွယ်ရှိသူသည် ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်တွင် ကိုယ်ပိုင်ကျောင်းတည် ထောင်ထားသူဖြစ်ပြီး ယင်းကိုယ်ပိုင်ကျောင်း၌ပင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

ပင်းတယမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူများ အသတ်ခံရသည့်အနက် ဦးကျော်ဝင်း မှာ ခုနစ်ဦးမြောက်ဖြစ်ကြောင်းလည်း ဒေသခံများမှပြောသည်။

အစောပိုင်းအသတ်ခံရသူများမှာ ပန်းစစ်ရပ်ကျေး စာရေး ဦးကျော်ဝင်း၊ ဦးစိန်ကျော်ဝင်း၊ ဦးဖေဝင်း၊ ကိုဦး၊ ဦးမိုးမြင့်သူ၊ ဦးရွှေဖီ တို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#ပင်းတယမြို့

#စစ်ကောင်စီသတင်းပေး

#ကြံ့ခိုင်ရေး

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly