ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီတပ်သားများအား PDF Zoland နှင့် CDM Siyin တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ၁၅ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့က ကား ၁၇ စီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းသည် ကလေးမြို့မှ ချင်းပြည်သို့တက်လာရာ ဇွန်လ ၁၇ရက်နေ့ နေ့လယ် ၂နာရီ မိနစ် ၃၀ခန့်အချိန်တွင် တီးတိန်မြို့ မရောက်ခင် Hawp အနီးသို့ ရောက်ရှိလာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သော PDF Zoland၊ CDM Siyin တပ်ဖွဲ့များနှင့် ရှေ့ပြေးတက်လာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက် တိုက်ပွဲ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

''စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးတပ်တွေ ဆိုဇန်ရွာ (Sozang) နဲ့ ဒိမ်လိုရွာ(Dimlo) ရွာကြားမှာရှိတဲ့ ဟော့ပ် (Hawp ) အနီးရောက်ချိန်မှာ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ PDF Zoland နဲ့ CDM Siyin ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ခုနစ် ဦးသေပြီး ၁၅ ယောက်ကျော် ပြင်းထန်ဒဏ်ရာရသွားကြတယ်။ သေသွားတဲ့စစ်ခွေးအလောင်းတွေကိုတော့ ဒီအတိုင်းပစ်ထားကြတယ်” ဟု PDF Zoland မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ချဉ်းကပ်၍မရသည့်အတွက် ပြည့်သူ့ကာကွယ်ရေးတပ်များသည် ဘေးကင်းစွာ ဆုတ်ခွာခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိုးချုပ်သည်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း၊ ယခုလက်ရှိတွင် စစ်ကောင်စီတပ်သားများ တီးတိန်မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း PDF Zoland တာဝန်ရှိသူ ထံက သိရသည်။

ဇွန်လ ၁၂ ရက်၊ ည ၉ နာရီအချိန်ကလည်း တီးတိန်မြို့တွင် ကင်းစောင့်နေစည့် စစ်ကောင်စီတပ်အား PDF Zoland က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံး နှစ်ဦးသေပြီး ဒဏ်ရာရသူများရှိကြောင်းလည်း သိရသည်။

#ချင်းပြည်နယ်

#ကလေးမြို့

#တီးတိန်မြို့

#စစ်ကိုင်းတိုင်း

#PDFZoland

#CDMSiyin

#စစ်ကောင်စီတပ်ဖွဲ့

#ထိတွေ့တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly