ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူနှင့် ဖခင်ဖြစ်သူ ဖမ်းဆီးခံရ

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူနှင့် ဖခင်ဖြစ်သူ ဖမ်းဆီးခံရ

ဇွန်လ ၁၇ ရက်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယနှစ် ဥပဒေကျောင်းသူ မရွှေရည်ဝင်းနှင့် ၎င်း၏ ဖခင်ကို စစ်ကောင်စီ တပ်များက ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုလမ်းရှိ သူမ၏နေအိမ်တွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် မတရားဖမ်းဆီးသွားခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

သူ့အဖေကတော့ အကြောင်းပြချက်မဲ့ ဖမ်းတာ၊ သူကတော့ သပိတ်တိုက်ပွဲတွေမှာ အမြဲပါလို့ ဖမ်းတာဗျ၊ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မြေပြင်သပိတ်ကော်မတီ တာဝန်ခံတစ်ဦး က မဇ္ဈိမကိုပြောသည်။

သူမသည် သပိတ်မှောက်လူငယ်တစ်ဦးဖြစ်သည့်အတွက် ယခင်ကတည်းက နေအိမ်ကို လာရောက်ရှာဖွေမှုများ ရှိခဲ့သော်လည်း သူမမှာ တိမ်းရှောင်နေသဖြင့် ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။

သို့သော်လည်း စစ်ကောင်စီသည် ၎င်းတို့ရှာဖွေသည့်လူငယ်များကို မတွေ့လျှင် မိသားစုဝင်များကိုပါ ဖမ်းဆီးတတ်သဖြင့် မိဘများကို စိုးရိမ်သောကြောင့် အိမ်သို့ပြန်လည်နေထိုင်စဉ် ဖမ်းဆီးခဲခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

"သူ့အဖေနဲ့အမေကို ဖမ်းမှာစိုးလို့ သူက အိမ်ပြန်နေလိုက်တာ၊ ဖမ်းတဲ့အချိန်မှာတော့ သူရောသူ့အဖေရော ဖမ်းသွားတာ" ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးကဆိုသည်။

ဇွန်လ ၁၆ရက်နေ့ ညနေပိုင်းအထိ ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ညနေ ၆နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ မရွှေရည်ဝင်းနှင့် သူမ၏ ဖခင်အား စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ မြို့နယ်အသီးသီးရှိ လူငယ်များကို မတရားဖမ်းဆီးမှုများပြုလုပ်နေဆဲဖြစ်သည်။

မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ မတရားဖမ်းဆီးခံ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၄ ဦး နှင့် သေဆုံးသူ တစ်ဦးရှိနေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိူလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly