စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများ ဘေးကင်းရာသို့ ရှောင်တိမ်းနေရ

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများ ဘေးကင်းရာသို့ ရှောင်တိမ်းနေရ

June 14

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူများ ဘေးကင်းရာသို့ ရှောင်တိမ်းနေရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်နေကြောင်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် အမှတ်(၅) တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရုတ်တရက် နောက်ကြောင်းပြန်ဆုတ်လာ၍ အပြိုင်း၊ ငုံလောင်း၊ အမ်ပုံ၊ ကျော့တော် နှင့် ချင်းလက်မွန်ရွာ အစရှိသည့်ရွာများမှ ဒေသခံများကို အရေးပေါ် ပြောင်းရွှေ့ပေးနေရခြင်းဖြစ်သည်။

“ တောင်ပေါ်မှာ ပိတ်မိနေသေးတဲ့ စစ်ရှောင်တွေလည်းရှိပါသေးတယ်။ အခု ရွာတွေကတော့ စစ်ကြောင်းစကတည်းက မကွေးနဲ့ ချင်းနယ်စပ်ဘက်ကို ရှောင်ချင်တာမို့ ပြောင်းရွေ့ပေးရတာပါ ” ဟု ကန်ပက်လက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

စစ်ဘေးရှောင်များကြုံတွေ့ရသည့် အခက်အခဲများမှာ စစ်ရှောင်အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားမှုရှိကြောင်းနှင့် လတ်တလော အရေးပေါ်ပြောင်းရွှေ့ထားရသည့် ပြည်သူများအတွက်ကိုမူ လက်ခံထားသည့် ရွာများမှ စားရေးသောက်ရေး စီစဉ်ပေးစီစဉ်ပေးထားကြောင်းသိရသည်။

သို့သော် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်လာကြရသောကြောင့် အဝတ်အစားနှင့် စောင်၊ ခြင်ထောင်များ လိုအပ်နေကြောင်း ကန်ပက်လက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တောင်ပေါ်မှနေ၍ ချောင်းများအတိုင်း ခြေကျင်ခရီးဖြင့်ဆင်းလာရ၍ နေမကောင်းဖြစ်ကြသူ အနည်းငယ်ရှိနေကြောင်းလည်း ဆိုသည်။

အလားတူ တောင်ပေါ်တွင် ပိတ်မိနေသေးသော စစ်ဘေးရှောင်များမှာ ချောင်းများနှင့် တော၊ တောင်များထဲတွင် နေထိုင်ရသည့်အတွက် နေထိုင်၊ စားသောက်ရေးအတွက် များစွာခက်ခဲနေရကြောင်း လည်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ တွင်လည်း ကန်ပက်လက်မြို့နယ် ကျောက်ထု - ကံကြီး - လယ်ကြီး အိုင်လမ်းကြောင်းမှ တစ်ဆင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် CDF - Kanpetlet တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ကြသေးသည်။

နေအိမ်များကို စွန့်ခွာ ရှောင်တိမ်းနေရသူ ဒေသခံပြည်သူ ဦးရေ ၂,၀၀၀ ဝန်းကျင်ရှိပြီး

ဆန်၊ စောင်၊ တာလပတ်(မိုးကာစ) များ လိုအပ်နေကြောင်း သိရှိရသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကနဦး အရေးပေါ် အကူအညီများ ပေးအပ်ခဲ့သော်လည်း မလုံလောက်သေးသောကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များအနေဖြင့် ပံ့ပိုးကူညီနိုင်ရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓါတ်ပုံ - ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး

#ကန်ပက်လက်မြို့

#ချင်းပြည်နယ်

#စစ်ဘေးရှောင်

#စစ်ကြောင်းထိုး

#မကွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required