ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံစဉ် မြန်မာ့အရေးနှင့် ဒေသလုံခြုံရေးကိစ္စတို့ ဆွေးနွေး

ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံစဉ် မြန်မာ့အရေးနှင့် ဒေသလုံခြုံရေးကိစ္စတို့ ဆွေးနွေး

ဇွန် ၁၄

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံခဲ့ပြီး ဒေသလုံခြုံရေးနှင့် မြန်မာနိုင်ငံအရေးကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ထိုင်း ကာကွယ်ရေးအကြီးအကဲလည်း ဖြစ်သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်တို့ ဇွန်လ ၁၃ ရက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ကာလကြာမြင့်နေပြီဖြစ်သော ထိုင်း-အမေရိကန် ဆက်ဆံရေးကို ခိုင်မာစေရေး စစ်ဘက်နှင့် လုံခြုံရေး ကဏ္ဍများ၌ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

“နှစ်ဖက် ကာကွယ်ရေးအကြီးအကဲတွေဟာ တောင်တရုတ်ပင်လယ်နဲ့ မြန်မာ အပါအဝင် အရှေ့တောင်အာရှရဲ့ လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်” ဟု ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ခေါင်ချိ တန်ထရာဝါနစ်က ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် ပြောသည်။

ထိုင်းနိုင်ငံ၏ အနီးဝန်းကျင်တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့်အတူ တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့် မြန်မာဒုက္ခသည်များကို အကူအညီနှင့် ခိုလှုံခွင့် ထောက်ပံ့ပေးအပ်ခြင်းအပါအဝင် ပဋိပက္ခ၏ သက်ရောက်မှုများကို ကိုင်တွယ်ရာတွင် ထိုင်းအစိုးရအနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့် လူသားဆိုင်ရာ စည်းမျဉ်းနိယာမများကို အမြဲတစေ လိုက်နာထားခဲ့သည်ဟု ပရာယွတ်ခ်က အော်စတင်ကို ပြောခဲ့ကြောင်း တန်ထရာဝါနစ်က ပြောသည်။

“ပူးတွဲ စစ်ရေးလေ့ကျင့်မှု၊ စစ်ဘက် ပစ္စည်း ထောက်ပံ့မှု နဲ့ အထူးသဖြင့် ဆိုက်ဘာလုံခြုံရေးနဲ့ လေယာဉ် တည်ဆောက်မှုနည်းပညာ နယ်ပယ်တွေ အပါအဝင် ကာကွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမှုနဲ့အတူ ထိုင်းစစ်တပ်ကို ခေတ်မီစေဖို့ ထောက်ကူပံ့ပိုးမယ်လို့ အမေရိကန်က ကတိပြုခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“COVID-19 အခြေအနေ ပြေလည်သွားတာနဲ့ တစ်ပြိုင်နက် ၂၀၂၃ မှာ အမေရိကန်နဲ့ ထိုင်းဟာ ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြန်စသွားပါမယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ လေယာဉ်နည်းပညာတွေကိုလည်း အစီအစဉ်မှာ ထည့်သွင်းသွားပါမယ်” ဟု ၎င်းက ပြောသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် ဇွန်လ ၁၂ ရက်က ထိုင်းသို့ မရောက်ခင် စင်ကာပူတွင် ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required