အမ်းမြို့မှ စစ်ကောင်စီတပ်အရာခံဗိုလ် ပြည်သူနှင့်အတူ လာရောက်ပူးပေါင်း

အမ်းမြို့မှ စစ်ကောင်စီတပ်အရာခံဗိုလ် ပြည်သူနှင့်အတူ လာရောက်ပူးပေါင်း

ဇွန် ၁၄

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၉၄၆) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)မှထွက်ခွာလာသော အရာခံဗိုလ်တစ်ဦးသည် ပြည်သူနှင့်အတူပူးပေါင်းကာ CDM ပြုလုပ် ပြီး ၎င်းတို့ထံလာရောက်ခိုလှုံခဲ့ကြောင်း လွိုင်ကော် PDF က ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကြေညာထား သည်။

အဆိုပါ စစ်ကောင်စီအရာခံဗိုလ်သည် ပြီးခဲ့သည့်မေလက လွိုင်ကော် PDF ထံဆက်သွယ်ကာ အလင်းဝင် ရောက်လာပြီးနောက် ယနေ့တွင် လူထုသို့အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအရာခံဗိုလ်အား လွိုင်ကော် PDF တပ်ရင်းမှ စားဝတ်နေရေးကိစ္စအားလုံး တာဝန်ယူမည်ဖြစ်ပြီး တတိယနိုင်ငံသို့ ထွက်ခွာလိုပါကလည်း စီစဉ်ပေးမည်ဟု ဒေသကာကွယ်ရေးတပ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အာဏာရှင်များ၏ မတရားဖိနှိပ်ချုပ်ချယ်မှုနှင့် ပြည်သူအပေါ် အဓမ္မမှုများ စဉ်ဆက်မပြတ် ကျုးလွန်နေမှုများကို မျက်ကွယ်မပြုနိုင်သော ပြည်သူ့စစ်သားများသည် နိုင်ငံအနှံ့အပြား တွင် နေ့စဉ်နှင့်အမျှ ရုန်းထွက် CDM ပြုလုပ်နေကြကြောင်း ဆိုသည်။

အာဏာရှင်ဖြုတ်ချရေးအတွက် အမြန်ဆုံးနှင့်အထိအခိုက်အနည်းဆုံးနည်းလမ်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ခြင်းဖြစ်၍ ပြည်သူအပေါ် ညှဉ်းပန်းသတ်ဖြတ်နေသော စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်ကြရန်လည်း လွိုင်ကော် PDF က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာကာ CDM ပြုလုပ်လာသူ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဧပြီလအတွင်းက ပြုလုပ်သည့် NUG အစိုးရ၏ တစ်နှစ်ပြည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်ကျော်ကာလအထိ စစ်ကောင်စီ တပ်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လူနေအိမ်ပေါင်း ၂၀၀၀၀ နီးပါးပျက်စီးသွားပြီဖြစ်ကြောင်း Data For Myanmar အဖွဲ့ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - လွိုင်ကော် PDF

#Mizzima

#လွိုင်ကော်PDF

#အရာခံဗိုလ်

#CDM

#အမ်းမြို့

#အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly