မကွေးတိုင်း မြို့နယ် ၃ ခုတွင် မီးရှို့ဖျက်ဆီးခံရ၍ ဒေသခံ ၂ သောင်းကျော် စစ်ဘေး‌ရှောင်နေရ

မကွေးတိုင်း မြို့နယ် ၃ ခုတွင် မီးရှို့ဖျက်ဆီးခံရ၍ ဒေသခံ ၂ သောင်းကျော် စစ်ဘေး‌ရှောင်နေရ

ဇွန် ၁၃

မကွေးတိုင်းအတွင်းရှိ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့မှ ကျေးရွာ ၁၈ ရွာ ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ဇွန်လ ၁၀ရက်နေ့က ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပခုက္ကူမြို့နယ်၊တန့်ကြည့်တောင်ဒေသရှိ အရှေ့ကမ်းဖြူးကျေးရွာ၊ တောင်ပလူကျေးရွာ၊ ဒဲ့ပြားကျေးရွာ၊ ရှားဒူးရွာနှင့် စိုင်ဖြူရွာ၊ ရေစကြိုမြို့နယ်တွင် ဆင်ဖြူရှင်တံတား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ် ၊ ဝက္ကတော၊သစ်ကြီးတောကျေရွာနှင့် ဆိပ်ဖြူမြို့နယ်ရှိ သံပရာပင်ရွာ၊ ဆားလောက်ရွာ၊ အနောက်ကမ်းဖြူရွာ၊ ဘဲကျရွာ၊ ကျားဘေရွာ ၊ ကျားကွဲရွာ၊ ညောက်ဂွေးဝရွာ ၊အင်းကန်ရွာ ၊ ကိုးရွာ စသည့် ရွာတို့ကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံက ကောက်ယူထားသည့် စာရင်းအရ သိရသည်။

“ဇွန်လ ၁၀ရက်နေ့က ပျူစောထီး ဖိုးဇင်တို့အဖွဲ့က စစ်ကြောင်းထိုးတဲ့ ရွာတွေကို လာပြီးတော့ လိုချင်တဲ့ ပစ္စည်းတွေသယ်ပြီးတော့ မီးရှို့တာတွေလုပ်တယ်။စစ်ကြောင်းကလည်း အဖိုးတန်ပစ္စည်းတွေ တွေ့သမျှအကုန်ယူတယ်။ မရှိရင် အကုန်ရိုက်ခွဲထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီးခဲ့ရပြီး လက်ရှိအချိန်တွင် ကျေးရွာများထဲသို့ ဝင်ရောက်၍ မရသေးကြောင်း သိရသည်။ ဒေသခံများသည် ဘေးလွတ်ကင်းရာ နေရာများတွင် နေထိုင်ရလျက်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးရိက္ခာများ လိုအပ်နေသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ၎င်းတို့ကို ခုခံတော်လှန်လျက်ရှိသည့် တိုင်းများထဲတွင် အင်အားကောင်းနေသည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းချိန်မှစ၍ တစ်နှစ်ကျော်ကာလအထိ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ် ၁၈,၀၀၀ကျော် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း Data For Myanmar အဖွဲ့ က စာရင်းထုတ်ပြန်ထားသည်။

#မကွေးတိုင်း

#ရေစကြိုမြို့နယ်

#ပခုက္ကူမြို့နယ်

#ဆိပ်ဖြူမြို့နယ်

#မီးရှို့ဖျက်ဆီးခံရ

#စစ်ရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly