ကန်ပက်လက်မြို့နယ် ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး

ကန်ပက်လက်မြို့နယ် ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံး

ဇွန် ၁၃

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း နေရာ နှစ်နေရာတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet မှ ဇွန်လ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ကာကွယ်ရေးတပ်ဖွဲ့၏စခန်းအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်နှင့် မြို့တွင်းရှိ စစ်တပ်မှတပ်စွဲထားသော နေရာတို့အား ဇွန်လ ၁၂ ရက်နေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ CDF – Kanpetlet တပ်ရင်း (၂)၊ Vakok တပ်ရင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းဝန်းပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့များသည် Vakok တပ်ရင်းစခန်းအား မီးရှို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါစစ်ကောင်စီတပ်သည် အလုံးအရင်းဖြင့် ကျော့တော်ရွာနှင့် အံပုံရွာအထိ ပြန်လည်ထိုးစစ်ဆင်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့မှ အပြင်းအထန်ပြန်လည် ခုခံခဲ့ကြောင်းလည်း ဆိုသည်။

ယင်း ကျော့တော်နှင့် အံပုံကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်းနှင့် CDF – Kanpetlet မှ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲပြင်းထန်နေသည့်နေရာသို့ စစ်ကူမပေးနိုင်ရန် ကန်ပက်လက်မြို့ပေါ် ထွေအုပ်ရုံးတွင် တပ်စွဲထားသော စစ်တပ်အား နေ့လယ် ၂ နာရီ ၃၀ မိနစ်မှ ၃ နာရီ ၃၀ မိနစ် အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထပ်မံသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်းဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျော့တော်နှင့် အံပုံကျေးရွာနှစ်ရွာမှ ပြည်သူများမှာ နီးစပ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်းသိရသည်။

Vakok တပ်ရင်းစခန်းမှ ပြန်လည်ထွက်ခွာခဲ့သော စစ်ကောင်စီတပ်များသည် လက်ရှိတွင် အံပုံကျေးရွာ၌ စခန်းချကာ ကျေးရွာရှိ နေအိမ်များဖောက်ထွင်းခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ကြကာ မော်တော်ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဆိုသည်။

ဇွန်လ ၆ ရက်နေ့ကလည်း မကွေးတိုင်းဒေသရှိ အပေါကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် CDF – Kanpetlet တပ်ရင်း (၇) ဖြစ်သည့် မဟူရာတပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဖက်မှ ဖုန်းလိုင်းနှင့်အင်တာနက်များ ဖြတ်တောက်မှုကြောင့် ဆက်သွယ်မှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ယခုမှ ယင်းတိုက်ပွဲနှင့်ပတ်သက်သော သတင်းများ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သောကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို တစ်သဝေမတိမ်း ဆက်လက်လိုက်နာပေးကြရန် CDF – Kanpetlet မှ ထုတ်ပြန်ထားသည်။

#ကန်ပက်လက်

#ချင်းပြည်နယ်

#CDF

#တိုက်ပွဲဖြစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required