လက်နက်ကြီးကျရောက်၍ အင်းတော်ကြီးဒေသခံ ထိခိုက်ဒဏ်ရာရ

By သတင်းနှင့် မီဒီယာ ကွန်ရက်
13 June 2022
လက်နက်ကြီးကျရောက်၍ အင်းတော်ကြီးဒေသခံ ထိခိုက်ဒဏ်ရာရ

ဇွန် ၁၃

လက်နက်ကြီးကျည်အချို့ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဇွန်လ ၁၀ ရက်နေ့က ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာမှ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းနောင်ကျေးရွာမှ တစ်မိုင်ခန့်အကွာက ရွာပြင်ပနေရာတဝိုက်တွင် လက် နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မိုင်းနောင်ဒေသခံတစ်ဉီးက “နီးတယ်လို့ ပြောရမှာပဲ။ ရွာပြင်ထွက်တာနဲ့ ဘယ်လောက်မှ မဝေးတော့ဘူးလေ။ နီး နီးလေးပြောရမှာပါ။ တအားတော့မဝေးပါဘူး။ တမိုင်ဝန်းကျင် လောက်တော့ ရှိမှာပေါ့ ရွာထဲကနေဆိုတော့။ အဲ့လောက်ပဲ ရှိမှာပေါ့။ အဲ့ဒီမှာ ဖြစ်တာပါ” ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်မှ စတင်၍ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံများ နာရီဝက်ကျော်အကြာ ကြားခဲ့ရခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်သံမကြားရဘဲ စစ်ကောင်စီမှ တဖက်သတ် လက်နက် ကြီးများဖြင့် ပစ်ခတ်နေသည့် အသံမျိုးသာကြားနေရသည်ဟု အင်းတော် ဒေသခံများက ပြောသည်။

ဒေသခံအချို့၏ ပြောဆိုချက်များအရ KIA တပ်ရင်း (၂၆) ၏ နယ်မြေသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်း ကြောင့် တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီးဖြင့် ပစ်ကူခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

အင်းတော်ကြီး ဒေသခံတစ်ဦး က “သူတို့က တဖက်သတ်ပဲ ပစ်တဲ့အခါကျတော့ သိပ်စိုးရိမ်မှုတော့ မရှိပါဘူး။ ဒါ ပေမယ့် ဟိုလို တိုက်ပွဲတွေ ဖြစ်လာ မယ် ဆိုရင်တော့ သူတို့လည်း အထိအခိုက်များလာမယ် ဆိုရင် ရွာထဲကိုပြန် ပြီးမှ ဝင်လာနိုင်တယ်။ သူတို့အဲ့လို လက်နက်ကြီးတွေ ပြန်ပစ်ထည့် အဲ့ဒါတွေတော့ စိုးရိမ်တာပေါ့။ သူတို့ စစ် ကောင်စီကတော့ ခန့်မှန်းလို့ ရတာ မဟုတ်ဘူးလေ။ သူတို့အထိနာလာပြီ ဆိုရင်တော့ သူတို့လည်း ရွာကို ပြန်ပြီးမှ ညှင်းပန်း နှိပ်စက်တာတွေ တွေ့ နေရတဲ့အခါကျတော့ အဲဒါတော့ စိုးရိမ်တယ်” ဟု ပြောသည်။

မိုင်းနောင်ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကျေးရွာများအတွင်း ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခြင်းကြောင့် ရပ်ရွာတွင်းရှိ ဒေသခံပြည်သူများ ထိခိုက်မှုရှိလာမည်ကိုလည်း စိုးရိမ်မှုများ ရှိသည်ဟု ဆိုသည်။

လတ်တလောအချိန်တွင် မိုးညှင်းမြို့နယ် လုံးတုံကျေးရွာရှိ စစ်ကောင်စီတပ်ရင်းမှ တပ်အပြောင်းအရွှေ့များ ပြု လုပ်နေခြင်းကြောင့် မိုင်းနောင်ကျေးရွာနှင့် အနီးတဝိုက်အတွင်း စစ်ကောင်စီတပ်သားများ ရပ်နားခြင်းများ ရှိနေ သည်ဟုလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း အင်းတော်ကြီး ဒေသတဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ တပ်တို့ အကြား မကြာခဏ ထိတွေ့ တိုက်ခိုက်မှုများ ရှိနေပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်တွင် KIA က ဖားကန့်မြို့ဘက်က ပြန်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတွင် ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သည်ဟု သိရသည်။

ဓါတ်ပုံ - ရှမ်းနီအသံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly