စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ

ဇွန် ၁၁

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး ပြင်ဆင်မှုအချို့ကို စတင်ပြုလုပ်နေ၍ အဆိုပါ ရွေးကောက်ပွဲအား နည်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဇွန်လ ၁၀ရက်နေ့တွင် ကြေညာလိုက်သည် ။

အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းက ကမကထပြု၍ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ် ပြုမည် မဟုတ်‌ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထု တရပ်လုံးကို ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှု တရပ်သာ ဖြစ်ကြောင်း" ဆိုထားသည်။

၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင်ဖျက်ဆီး၍ အင်အားစု အသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ သွေးစည်း ညီညွတ်ရေး လျော့သွားစေရန်နှင့် ယနေ့ စစ်ကောင်စီ ရင်ဆိုင်နေရသည့် အကျပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ရှုမြင်ကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#စစ်ကောင်စီ

#ရွေးကောက်ပွဲ

#လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

#ဆန့်ကျင်ကန့်ကွက်

#ရွေးကောက်ပွဲကော်မရှင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly