မန္တလေးတွင် စက်သုံးဆီစျေး စံချိန်တင်စျေးတက် အရောင်းဆိုင်တချို့ဆီပြတ်လပ်

မန္တလေးတွင် စက်သုံးဆီစျေး စံချိန်တင်စျေးတက် အရောင်းဆိုင်တချို့ဆီပြတ်လပ်

ဇွန် ၁၁

မန္တလေးမြို့တွင် ယနေ့ စက်သုံးဆီစျေးနှုန်းများ စံချိန်တင် မြင့်တက်သွားပြီး အရောင်းဆိုင်တချို့ဆီပြတ်လပ်သွားပြီဖြစ်ကြောင်း သိရသည်။

“၂၄၀၀ ကျော်အထိ ထိုးတက်သွားပြီ။ အဲဒါ 95 နော်။ ဒီဇယ်ဆို ၂၆၀၀ ကျော်သွားတယ်။ သိပ္ပံလမ်းပေါ်က ဆိုင်တချို့ဆီပြတ်လို့ မရောင်းနိုင်တော့ဘူး။ ၃၅ လမ်းက မြပါဝါလို ဆိုင်ကြီးတွေတောင် ဆီရောင်းစရာ မရှိကြောင်း ကြေညာထားတာတွေ့ရတယ်” ဟု မန္တလေးမြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

သင်္ကြန်ပြီးကတည်းက စျေးနှုန်းတရိပ်ရိက်မြင့်တက်လာခဲ့သည့် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းသည် စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း တဟုန်ထိုး စျေးမြင့်တက်ခဲ့ရာမှ ယနေ့ စံချိန်တင်စျေးနှုန်းအဖြစ် ရောက်ရှိသွားပြီ ဖြစ်သည်။

“ဆီဆိုင်တွေက ပြည်သူကိုစျေးကစားပြီးရောင်းချနေတာသတိထားမိတယ်။ ပြီးခဲ့တဲ့လကစပြီး နည်းနည်းတက်ကြည့်လိုက်ပြန်ချလိုက်လုပ်နေတာကနေ အခု တစ်ပတ်အတွင်းမှာ တစ်ရာ(ကျပ်)လောက်စျေးခုန်တက်ပစ်လိုက်တယ်။ ဒါစမ်းသပ်မှုတစ်ခုလို့ပဲမြင်တယ်။ ဒီထက်စျေးထပ်တင်ကြဦးမှာ” ဟု စက်သုံးဆီစျေးကွက် စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောသည်။

မန္တလေးမြို့၏ စက်သုံးဆီစျေးကွက်တွင် ပြီးခဲ့သည့်ဇွန်လ ၄ ရက်နေ့က ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၂၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၇၅ ကျပ်ရှိရာမှ၊ ယနေ့ပေါက်စျေး 92 တစ်လီတာလျှင်၂၃၅၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၄၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၅ ကျပ်နှင့် ပရီမီယံတစ်လီတာလျှင် ၂၆၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။

#မန္တလေးမြို့

#စက်သုံးဆီ

#စျေးနှုန်းမြင့်တက်

#ဆီပြတ်လပ်

#အရောင်းအဝယ်ရပ်

#ဆိုင်ပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly