ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် အတိုက်အခံများကို သေဒဏ်မပေးရန် စစ်ကောင်စီခေါင်းဆောင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် တောင်းဆို

By ဖနွမ်းပင်ပို့စ်
11 June 2022
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် အတိုက်အခံများကို သေဒဏ်မပေးရန် စစ်ကောင်စီခေါင်းဆောင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် တောင်းဆို

ဇွန် ၁၁

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် အတိုက်အခံအုပ်စုများမှ အဖွဲ့ဝင်များကို ကွပ်မျက်မည့် အစီအစဉ်အား ပြန်လည်စဉ်းစားသုံးသပ်ရန် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား အာဆီယံဥက္ကဋ္ဌနေရာမှ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုလိုက်သည်။

အတိုက်အခံများအတွက် သေဒဏ်ချမှတ်ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားတွင်သာမက အဖွဲ့ကြီး၏ ပြင်ပမိတ်ဖက်များတွင်ပါ ကြီးစွာသော စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်ဟု ဇွန်လအတွင်းက ထုတ်ပြန်ပြီး ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာန၏ Agence Kampuchea Press (AKP) သတင်းဌာနက ဖော်ပြခဲ့သော ရက်စွဲမတပ်ထားသော စာတွင် ဖော်ပြပါရှိသည်။

“ကွပ်မျက်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဆီက ကျယ်ကျယ်ပြန့်ပြန့် အနှုတ်သဘော တုံ့ပြန်မှုတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကမ္ဘောဒီးယားအနေနဲ့ အခိုင်အမာ ယုံကြည်တယ်၊ ဒါအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အခြေခံပြီး လက်ရှိ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အာဆီယံနဲ့ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေကို ပြင်းထန်စွာ ရိုက်ခတ်လိမ့်မှာ ဖြစ်တယ်”ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

“ဒါအပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ဆောင်ကြဉ်းနိုင်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတွေကို စိတ်အားထက်သန်ပြီး ရိုးသားစွာ ကူညီလိုတဲ့ ကျွန်တော်အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ဆိုပါမယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဒီ သေဒဏ်ကို ပြန်လည်စဉ်းစားသုံးသပ်ပြီး ရန်ဖက်တွေအပေါ် သေဒဏ်အပြစ်ပေးတာကို ရှောင်ကြဉ်ဖို့ မေတ္တာရပ်ခံပါတယ်”ဟု စာတွင် ဟွန်ဆန်က ဆိုထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနှင့် အာဆီယံအဖွဲ့တွင် အပြည့်အဝ ပြန်လည်ပါဝင်နိုင်ရေးအတွက် ကူညီရန် ကတိကဝတ်များကိုလည်း ဟွန်ဆန်က ထပ်လောင်းဆိုသည်။

အာဆီယံသည် အင်အားကြီးနိုင်ငံများ၏ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများအလယ် လက်ရှိ၌ ရောက်ရှိနေပြီး ဒေသတွင် ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း နိုင်ငံတကာက စိတ်ဝင်စားလျက် ရှိနေသည်ဟု ဟွန်ဆန်က ပြောသည်။

စစ်အောင်စီသည် တံခါးပိတ် တရားစီရင်ပြီးနောက် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လူ လေးဦးကို အယူခံ ပယ်ဖျက်ကာ သေဒဏ်စီရင်မည်ဟု ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်ကောင်စီတရားရုံးများက လူပေါင်း ၁၁၄ ဦးကို သေဒဏ်ချမှတ်ထားကြောင်း မီဒီယာသတင်းများအရ သိရသည်။

(ဘာသာပြန်သတင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required