တည်ငြိမ်အေးချမ်းနေသော သီပေါမြို့တွင် စစ်ကောင်စီထွေအုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်

တည်ငြိမ်အေးချမ်းနေသော သီပေါမြို့တွင် စစ်ကောင်စီထွေအုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်

ဇွန် ၁၀

တည်ငြိမ်အေးချမ်းနေသော ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အများပြည်သူနှင့်ဆိုင်သောနေရာများတွင် လူငါးဉီးနှင့်အထက်ပို မစုဝေးရန်နှင့် ညမထွက်ရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးက ယနေ့တွင် အမိန့်ထုတ်လိုက်သည်။

" လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် သီပေါမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယာဉ်သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရန်အမိန့်ကို ထုတ်ဆင့်လိုက်သည်။" ဟု မဇ္ဈိမက လက်ခံရရှိထားသော သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိတ္တူတွင်ပါရှိသည်။

ထို့အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ချက်တွင် " သီပေါမြို့နယ် နယ်နမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်းတွေ့ရှိရပါသည်။" ဟုလည်း ပြောထားသည်။ သို့သော် မည်သူတို့က မည်သို့သောလုပ်ဆောင်မှုကို ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီထွေအုပ်၏ တားမြစ်မိန့်က ငြိမ်သက်အေးချမ်းနေသော မြို့၏လူထုကို အံ့ဩသွားစေသည်။

"သီပေါမှာ ဆိုင်ကယ်ခိုးမှုတွေကလွဲရင် ဘာမတည်ငြိမ်မှုမှမရှိဘူး၊ တိုက်ပွဲလည်းမဖြစ်ဘူး။ အေးအေးဆေးဆေးပဲ "ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် သီပေါတွင် ယခင်ရက်ပိုင်းက မြို့အဝင် လားရိူး-မန္တလေး လမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်က ယာဉ်အသွားအလာကို တင်းကျပ်စွာစစ်ဆေးမှုများပြုခဲ့သည်။

ထို့အပြင် သီပေါမြို့တွင်းတွင်လည်း သီပေါအခြေစိုက် တပ်ရင်းများမှမဟုတ်သော အခြားဒေသမှ စစ်ကောင်စီတပ်သားများကို လုံခြုံရေးတပ်စွဲထားခဲ့သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

သီပေါမြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တ​အောင်းန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပါအဝင် ဒေသခံပြည်သူ့စစ်အချို့လှုပ်ရှားလျက်ရှိပြီး လက်ရှိတွင် SSPP/SSA ၏ စစ်စခန်းများ ဖယ်ရှားခိုင်းသည်ကိုအကြောင်းပြုကာ စစ်ကောင်စီတပ်နှင့် ဆက်ဆံရေးတင်းမာမှုရှိနေသည်။

မိုင်းရှုးမြို့နယ်အတွင်းရှိ SSPP/SSA ၏ အရေးပါသော တပ်စခန်းသုံးခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် စစ်ကောင်စီတပ်က ရာဇသံပေးရာ ဆယ်စုနှစ်တစ်ခုစာ အခြေပြုလှုတ်ရှားနေသောစခန်းများဖြစ်သည့်အတွက် တပ်ဆုတ်ပေးရန်မဖြစ်နိုင်ကြောင်း SSPP/SSAက တုံ့ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly