ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NUCC ထုတ်ပြန်

ဇွန် ၉

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ သေဒဏ်ဖျက်သိမ်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်သည်။

ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ သေဒဏ်စီရင်ချက်ကို အတည်ပြုခဲ့သည့် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု၏ လုပ်ရပ်သည် ဥပဒေကြောင်းအရ တရားဝင်မှုမရှိဟု NUCC က ဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာနိုင်ငံ၏ ဥပဒေများနှင့် တရားစီရင်ရေး စနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်များနှင့် နိုင်ငံတကာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု NUCC က ထုတ်​ပြန်သည်။

သေဒဏ်ကို ပြစ်ဒဏ်တရပ်အဖြစ် သတ်မှတ်ထား

ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်းလည်း မရှိကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာ ကျင့်ဝတ်နှင့် ဥပဒေများ၊မြန်မာ့တရားစီရင်ရေး စနစ်များကို ချိုးဖောက်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကျုးလွန်နေသည့် စစ်အုပ်စုအား အရေးယူနိုင်ရန်၊ ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိစေရန် ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဝါဒများ ချမှတ်ကာ ဆောင်ရွက်မည်ဟု NUCC က ဆိုသည်။

စစ်ကောင်စီအား နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အပါအဝင် နိုင်ငံတကာ ခုံရုံးများတွင် အပြစ်ပေး အရေးယူနိုင်ရေး လှုပ်ရှားမှုများအား မူဝါဒအရ ပံ့ပိုးမည်ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

AAPP ၏ မှတ်တမ်းများအရ အာဏာသိမ်းပြီးချိန်မှစပြီး သေဒဏ်ချမှတ်မှုများကို စစ်ကောင်စီက လုပ်ဆောင်လျက်ရှိရာ လက်ရှိအချိန်အထိ ပြည်သူ ၁၁၄ ဦးအား သေဒဏ်ချမှတ်ထားသည်။

နောက်ဆုံးသေဒဏ်ချမှတ်ခံရသူမှာ ‘ဝ’ တိုင်းရင်းသားလူငယ် အိုက်ဆိုင်မိန် ဖြစ်ပြီး ၎င်းကို ဇွန်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။

#NUCC

#သေဒဏ်ချမှတ်ခြင်း

#ပယ်ဖျက်နိုင်ရေး

#AAPP

#တရားစီရင်ရေးစနစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly