ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒုဗိုလ် ပစ်သတ်ခံရ

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒုဗိုလ် ပစ်သတ်ခံရ

ဇွန် ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှဒုဗိုလ်ဖြစ်သူ ပစ်ခတ် ခံရ၍ သေဆုံးခဲ့ကြောင်း Yesagyo Revolution Group (YRG) အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီကျော်တွင် ပခုက္ကူမြို့မှ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အရပ်ဝတ် ဒုဗိုလ်နှင့် ပျူစောထီးတစ်ဦးကို ပခုက္ကူမြို့မြောက်ဘက်ရှိ ကိုးပင်ရွာနှင့် အင်ပင်ရွာကြားတွင် ကာကွယ်ရေးပူးပေါင်း အဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က သတင်းကြိုရလို့ စောင့်ပစ်တာ၊ ပစ္စတိုနှစ်လက်နဲ့ ခုနစ်ချက် လောက်ပေါ့။ အဲ့ဒီနားမှာ ကုန်းတက်ကုန်းဆင်းဆိုတော့ ဆိုင်ကယ်တွေကားတွေက အရှိန်လျှော့ရတယ်။ တစ်ပွင့်နဲ့ဗိုလ်ရဲ့ ညာဘက် ရင်ဘတ်ကို မှန်သွားတာ၊ နာမည်နဲ့တပ်ရင်းကိုတော့ မသိရဘူး။ ဆေးရုံသယ်သွာချိန် လမ်းမှာဆုံးတာ။ ပျူကတော့ပေါင်ပဲထိသွားတယ် မသေဘူး။ ကျွန်တော်တို့ လုပ်ခဲ့တာ အန္တရာယ်တော့များတယ်။ အဲဒီနား မှာက စစ်ဆေးရေး ဂိတ်တွေချည်းပဲဆိုတော့” ဟု YRG အဖွဲ့မှ PDF တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါဒုဗိုလ်သည် ဒဏ်ရာပြင်းထန်သည့်အတွက် အင်ပင်စစ်ဆေးရေးဂိတ်အရောက်တွင် ပြည်သူများ စီးနင်းလာသည့်ကားကိုတားကာ ပခုက္ကူဆေးရုံသို့ပို့ဆောင်ချိန် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ မိနစ် ၃၀ ခန့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) အဖွဲ့နှင့် မဟာမိတ်ညီနောင် Urban Underground Revolution Force -YSO အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် အင်ပင်ရွာဘုန်းကြီးကျောင်းအနီးတွင် စခန်းဆောက်၍ တပ်စွဲထားသည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အင်အား ၈၀ ခန့်ရှိနေသည်ဟု သိရသည်။

#Mizzima

#ပခုက္ကူမြို့နယ်

#အင်ပင်ရွာ

#တပ်စွဲ

#စစ်ကောင်စီ

#ဒုဗိုလ်

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly