အရပ်ဘက်အဖွဲ့အစည်း အမည်ခံကာ ဂျီနိုဆိုက်အပါအဝင် ရာဇဝတ်မှုများစွာကျူးလွန်ထားသူ စစ်ကောင်စီနှင့် ဆွေးနွေးရန်ကြိုးပမ်းသူများကို အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်က ရှုံချ

By မေဘယ်လ်သူနှင့် ဝေဟင်စိုး
09 June 2022
အရပ်ဘက်အဖွဲ့အစည်း အမည်ခံကာ ဂျီနိုဆိုက်အပါအဝင် ရာဇဝတ်မှုများစွာကျူးလွန်ထားသူ စစ်ကောင်စီနှင့် ဆွေးနွေးရန်ကြိုးပမ်းသူများကို အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်က ရှုံချ

ဇွန် ၉

အာဏာသိမ်းစစ်အုပ်စု၏ ရာဇဝတ်ပြစ်မှုများကို မျက်ကွယ်ပြုရာရောက်သဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းသူများနှင့် ညှိနှိုင်းရန်ကြိုးပမ်းသော အဖွဲ့များအနေဖြင့် အရပ်ဘက်လူထုအဖွဲ့အစည်းဟူ၍ ခေါင်းစဉ်တပ်လုပ်ဆောင်ခြင်း ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်က တောင်းဆိုလိုက်သည်။

နိုင်ငံရေး၊ ပညာရေး၊ ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး၊ ရိုဟင်ဂျာအရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ ကျောင်းသားသမဂ္ဂများ၊ သပိတ်စစ်ကြောင်းများ၊ CDM ထောက်ပံ့ရေးလုပ်ဆောင်နေသူများအပါအဝင် အမည်ဖော်ပြထားသော အဖွဲ့ ၁၃၇ ဖွဲ့နှင့် လုံခြုံရေးအရ အမည်မဖော်ပြထားသော အဖွဲ့ ၅၄ ဖွဲ့တို့စုပေါင်းထုတ်ပြန်သော ဇွန်လ ၇ ၇က်နေ့နေ့စွဲတပ် ကြေညာချက်တွင် စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အစည်းဟု ညွှန်းဆိုကာ " လူ့စံနှုန်းများ ကင်းမဲ့သည့် အကြမ်းဖက်အစုအဖွဲ့များအား နိုင်ငံရေးအင်အားစုအဖြစ် သဘောထားကာ နိုင်ငံရေးရလာဒ်တစ်ခု ပေါ်ထွက်လာစေရန် ဆွေးနွေးညှိနှိုင်းခြင်း၊ ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခြင်းစသည်တို့ကို လုပ်ဆောင်နေသည့် မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို၊ မည်သည့်လှုပ်ရှားမှုမဆို" ရှုံ့ချကြောင်း ဖော်ပြထားသည်။

" အကြမ်းဖက်စစ်အုပ်စုသည် မြန်မာ့လူ့အဖွဲ့အစည်းတွင်ရှိရမည့် ဒီမိုကရေစီစံတန်ဖိုးများနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက်ချိုးဖောက်ကျူးလွန်ခဲ့ရုံသာမက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crime Against Humunity) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ (Genocide) အပါအဝင် ရာဇဝတ်မှုပေါင်းများစွာကို ဆိုးရွားစွာ ကျူးလွန်နေသူများဖြစ်" သည်ဟုလည်း ပါရှိသည်။

မည်သည့်အဖွဲ့အစည်းများဟု တိတိကျကျမညွန်းဆိုထားသော်လည်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ရပ်များသည် " လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးအတွက် အရပ်ဘက်အဖွဲ့အစည်းများရပ်ခံတည်ဆောက်ရမည့် နှုန်းစံများကို ချိုးဖောက်ရာ ရောက်သည်ဟု" လည်းပါရှိသည်။

မကြာသေးခင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဆိုသော အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တစ်ခုက ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အစည်းအဝေးလုပ်နေပုံများနှင့် ၄င်းတို့၏ကြေညာချက်တစ်စောင် လူမှုကွန်ရက်တွင်ပေါ်ထွက်လာပြီးနောက် နိုင်ငံရေးနယ်ပယ်နှင့် အရပ်ဘက်အဖွဲ့အစည်းနယ်ပယ်တွင် အဆိုပါကွန်ရက်တွင်ပါဝင်သူများကို ဝေဖန်မှုများမြင့်တက်လာခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (Civil Society Network For Peace and Federal Democracy-CNPFD) အဖွဲ့၏ မေလ ၂၆ ရက်နေ့ထုတ် ကြေညာချက်တွင် " နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက်" သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို တိုက်တွန်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ကွန်ရက်၏ အမည်မဖော်လိုသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောကြားရာတွင် “ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးလို့ပြောလိုက်တာနဲ့ စကစနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ထင်ကြတယ်။ တွေ့ဆုံဆွေးနွေးခြင်းရဲ့အဓိပ္ပါယ်ကို ပြည်သူလူထုရော အချို့သောအစုအဖွဲ့တွေက နားလည်မှုလွဲနေတယ်။ ကျွန်တော်တို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုအပ်တယ်လို့ ပြောလိုက်တာက ကျွန်တော်တို့ စကစနဲ့ဆွေးနွေးပါလို့ နှစ်ဘက်အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းကိုမှတိုက်တွန်းမှာမဟုတ်သလို ကျွန်တော်တို့ကိုယ်တိုင်လည်း သွားဆွေးနွေးမှာ မဟုတ်ဘူး။" ဟု ပြောသည်။

"အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့၁၀ ဖွဲ့ရဲ့ နယ်မြေတွေမှာ အဓိက လုပ်ဆောင်သွားမှာကတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ရေးအတွက် EAO အဖွဲ့တွေ စိုးမိုးတဲ့ လက်နက်ကိုင်နယ်မြေတွေမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို သူတို့ နဲ့ ပေါင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အနီးစပ်ဆုံးစလုပ်လို့ ရမယ့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာကို ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချခဲ့တယ်။ တူရာကို တွဲလုပ်တဲ့ သဘောပေါ့။” ဟု သူကထပ်ပြောသည်။

အဆိုပါကွန်ရက်က ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများကာကွယ်စောင့်ရှောက်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ထိခိုက်ခံစားနေရသောပြည်သူများအား လူသားခြင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

ဓာတ်ပုံ။ ။ ရန်ကုန်မြို့ဟိုတယ်တစ်ခုတွင် မေလအတွင်းက ပြုလုပ်သော CNPDF ၏ အစည်းအဝေး

# Mizzima

# CNPDF

# အရပ်ဘက်အဖွဲ့အစည်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required