ပလက်ဝတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက သံသယဖြင့်ဖမ်းဆီးသူ ၆ ဦးထိ ရှိလာ

ပလက်ဝတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက သံသယဖြင့်ဖမ်းဆီးသူ ၆ ဦးထိ ရှိလာ

ဇွန် ၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပလက်ဝဒေသခံများအား သံသယဖြင့်ဖမ်းဆီးလျှက်ရှိရာ နှစ်ပတ် အတွင်း ခြောက်ဦးအထိ ဖမ်းဆီးထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ မေလ ၂၆ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတစ်ကြိမ်ရှိခဲ့သည့် ပလက်ဝမြို့အနီးအနားရှိကျေးရွာများမှ ဒေသခံများကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည့်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဖမ်းဆီးခံရသူများတွင် အဘောင်သားကျေးရွာမှငါးဦးနှင့် ပလက်ဝမြို့ ပလုတ်တောင်ရပ်ကွက်မှ ဦးမဲကျော့ တို့ဖြစ်ကြောင်း သိရသည်။

ပလုတ်တောင်ရပ်ကွက်မှ ဦးမဲကျော့ကို ဇွန်လ ၄ ရက်နေ့က လက်နက်ယူနီဖောင်အပြည့်အစုံပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးခန့်က ည ၉ နာရီခန့်တွင် နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည် ဟု ဦးမဲကျော့၏ သမီးဖြစ်သူက ပြောသည်။

“အိမ်ထဲကို ဝင်လာပြီးတော့ စစ်ဆေးစရာရှိတယ်၊ ခဏလိုက်ခဲ့ဆိုပြီး ည ၉ နာရီလောက်မှာ ခေါ်သွားတယ်။ ကျမအဖေကနေမကောင်းတော့ ဆေးသောက်ပြီးလိုက်သွားတာပါ။ ခဏဆိုလို့ လိုက်သွားတာ အခုထိပြန် မလွှတ်သေးပါဘူး။ ကျမတို့ အရမ်းစိုးရိမ်နေပါတယ် အဆက်အသွယ်လည်း မရပါဘူး ” ဟု သမီးဖြစ်သူ မရွှေခိုင်အေးက ဆိုသည်။

အဘောင်သားကျေးရွာသားများကိုမူ တိုက်ပွဲဖြစ်ပွားပြီးနှစ်ရက်အကြာ မေလ ၂၈ ရက်နေ့က ဖမ်းဆီးသွား ခြင်းဖြစ်ပြီး ယခုအချိန်ထိ အဆက်အသွယ်မရှိသေးကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လေးယောက်ကိုဖမ်းသွားတာ။ ရက္ခိုင့်တပ်တော် AA ကို ရိက္ခာထောက်ပံ့တယ်၊ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းတာလို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ ကျန် တာတွေကို တိတိကျကျ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများကို ပလက်ဝမြို့အခြေစိုက် တပ်ရင်း(၂၈၉)တွင် ချုပ်နှောင်ထားသည့်ဟုသတင်းများ ကြားနေရကြောင်း မရွှေခိုင်အေးကပြောသည်။

“ ဖမ်းထားလူတွေ အကုန်လုံးကို (၂၈၉) တပ်ရင်းမှား ဖမ်းထားတယ်လို့တော့ ပြောနေကြတယ်။ ကျမ အဖေက နေမကောင်းတဲ့ကြားထဲက သူတို့ခေါ်သွားကြတာ။ ထမင်းစားရလား၊ သူ့ကိုဘယ်လိုတွေလုပ်နေ လဲ တစ်ခုမှတိတိကျကျမသိရတော့ အရမ်းစိုးရိမ်းပါတယ်” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားတိုင်း စစ်ကောင်စီတပ်က လုပ်ရိုးလုပ်စဉ်အနေဖြင့် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိပြီး သံသယဖြင့်ဖမ်းဆီးနေခြင်းမှာ မတရားဖမ်းဆီးခြင်းဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“အခုလိုတိုက်ပွဲဖြစ်ပွားတိုင်း ပြည်သူတွေကိုဖမ်းဆီးတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တယ်။ ဒါက တကယ်ဆို မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်ပါတယ်။ သက်သေအထောက်အထားမရှိဘဲ သံသယနဲ့ ဖမ်းတာ၊ လူအခွင့်အရေးချိုးဖောက်နေတာလို့ ယူဆတယ်”ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်နှင့်စစ်တပ်တို့ နှစ်နှစ်ကျော်ကြာတိုက်ပွဲကြောင့် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့တွင် မတရားဖမ်းဆီးခံရခြင်းတိုင်ကြားမှု အမှုပေါင်း ၁၀၀ ခန့်ထိရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလာလျှင် ပြည်သူလူထုအနေဖြင့် စစ်တပ်ကိုအဆိုးမဆိုးရန် ပြောကြားထားသည်။

စစ်ကောင်စီက ပလက်ဝမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်အမိန့် ထုတ်ပြန်ထား ခြင်းကြောင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

#Mizzima

#ချင်းပြည်နယ်

#ပလက်၀မြို့နယ်

#သံသယဖြင့်ဖမ်းဆီး

#ရက္ခိုင့်တပ်တော်AA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required