ကွမ်းခြံကုန်းမြို့နယ်အတွင်း ကင်းလှည့်ရာတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် တစ်လမ်းလျှင် လူ ၂ ဦး စစ်ကောင်စီတပ် တောင်းခံ

ကွမ်းခြံကုန်းမြို့နယ်အတွင်း ကင်းလှည့်ရာတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် တစ်လမ်းလျှင် လူ ၂ ဦး စစ်ကောင်စီတပ် တောင်းခံ

ဇွန် ၈

ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် လုံခြုံရေးလှည့်ကင်း၌ လူသားဒိုင်းအဖြစ်အသုံးပြုရန် လမ်းတစ်လမ်းလျှင် လူနှစ်ဦးနှုန်းဖြင့် စစ်ကောင်စီတပ်ကတောင်းခံထားကြောင်း ဒေသခံများထံမှ သိရ သည်။

“ရပ်ကွက်တစ်ခုချင်းစီရဲ့ လမ်းအလိုက် တစ်လမ်းကိုနှစ်ဦးစီ အသက် ၁၈ နှစ်ကနေ ၅၀ ကြားရှိတဲ့ အမျိုးသားရှိတဲ့ အိမ်ထောင်စုအလိုက် မဲနှိုက်ကြရပါတယ်။ တစ်လမ်းချင်းစီ ကောက်နေတာပါ။ မဲပေါက်တဲ့ သူတွေဟာ နေ့စဉ် ညဘက်စစ်ကားလှည့်တဲ့အချိန်မှာ လိုက်ခိုင်းမယ်ဆိုပြီး ပြောထားပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

မဲနှိုက်ရွေးချယ်ခံရသူများသည် မြို့နယ်အတွင်း ကားဖြင့်လှည့်ကင်းဆောင်ရွက်ပါက ရှေ့ဆုံးမှလိုက်ပါ ရမည်ဖြစ်ပြီး လိုအပ်ပါကလည်း အချိန်မရွေးခေါ်ယူခိုင်းစေခံရမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်က ပြောဆိုထားပြီး ရပ်ကွက်အတွင်းဖြစ်ပေါ်နေသည့် သတင်းများကို ၎င်းတို့ထံမှ ပြန်လည်ထောက်လှမ်းရန် စစ်ကောင်စီကပြင်ဆင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်လမ်းလျှင် လူနှစ်ဦးတောင်းခံမှုသည် ပြီးခဲ့သည့် အပတ်ကတည်းကပြီးစီးနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ လှည့်ကင်းများတွင် လိုက်ပါရခြင်း မရှိ သေးကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်တွေမှာ တစ်ညခြောက်ယောက် အလှည့်ကျ ကင်းစောင့်ဖို့ကိုလည်း စစ်ကောင်စီက ဖိအားပေးစေခိုင်းစေမှုတွေ ရှိနေပါတယ်။ လူထုကဘာမှလုပ်လို့မရတဲ့ အခြေအနေမှာ တောင် အခုလို အတင်းအကျပ်စေခိုင်းမှု၊ လူသားဒိုင်းလုပ်မှုဟာ လူ့အခွင့်အရေး ချိူးဖောက်မှုဖြစ်သလို စစ်ရာဇဝတ်မှုကျူးလွန်မှုလည်း မြောက်ပါတယ်” ဟု ကွမ်းခြံကုန်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကွမ်းခြံကုန်းမြို့နယ်တွင် ကလေးများကျောင်းတက်ရောက်ရန်အတွက် စစ်ကောင်စီတပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မိဘများကို အတင်းအကျပ်ဖိအားပေးနေမှုများ ရှိနေကြောင်း သိရ သည်။

ကွမ်းခြံကုန်းမြို့နယ်ကို စစ်ကောင်စီတပ်က နည်းအမျိုးမျိုးဖြင့် အင်အားသုံး ဖိနှိပ်ရန် ပြင်ဆင်နေသော် လည်း မြို့နယ်ချင်းထိစပ်နေသည့် ကော့မှူး၊ တွံတေးနှင့် ဒလ မြို့နယ်များတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ထောက်တိုင်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိနေသည်။

#Mizzima

#ကွမ်းခြံကုန်းမြို့နယ်

#လူသားဒိုင်း

#လုံခြုံရေးလှည့်ကင်း

#စစ်ရာဇဝတ်မှု

#အတင်းအကျပ်စေခိုင်းမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly