ချောင်းဦးနှင့်မြင်းမူကြားတွင် အိမ်စီးကား၂စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီ အရာရှိ အပါအဝင် ၄ ဦး သေဆုံး၍ ၃ ဦးဒဏ်ရာရဟုဆို

ချောင်းဦးနှင့်မြင်းမူကြားတွင် အိမ်စီးကား၂စီး မိုင်းဆွဲခံရ၊ စစ်ကောင်စီ အရာရှိ အပါအဝင် ၄ ဦး သေဆုံး၍ ၃ ဦးဒဏ်ရာရဟုဆို

ဇွန် ၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ မောင်းနှင်လာသည့် စစ်ကောင်စီအရာရှိ တစ်ဦး လိုက်ပါလာသော အိမ်စီးကားနှစ်စီးကို ဇွန်လ ၆ရက် မွန်းလွဲ ၂နာရီ ၃၀မိနစ် ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Myaung Revolution Army (MRA) အဖွဲ့ ထံက သိရသည်။

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီအရပ်ဝတ် တပ်သားများပါသော ပရာဒို အနက်ရောင်ကားနှစ်စီးကို သတင်းအရ စောင့်ဆိုင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၏ ထုတ်ပြန်ချက် အရ သိရသည်။

"ကားတစ်စီးမှာ စစ်သား လေးငါးခြောက်ယောက်လောက်တော့ပါတယ်။ အရှေ့ကား မှာက အရာရှိပါတယ်။ ကျွန်တော်တို့က အရှေ့ကားကိုမိုင်းဆွဲလိုက်တာ။ ကားက ဖြေးဖြေးချင်းလိမ့်ပြီးတော့ ရပ်သွားတယ်။ ပြီးတော့ကားပေါ်ကနေ စစ်သားသုံးယောက် ဆင်းလာပြီး သွေးအိုင်ထဲမှာတင် လဲကျသွားတယ်"ဟု Myaung Revolution Army အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါလုပ်ဆောင်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၊ Farmer Revolution Force (FRF-Chaung Oo)နှင့် ဗန္ဓုလ ညီနောင်တော်လှန်ရေးအင်အားစု အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာ

#စစ်ကောင်စီအရာရှိ

#အိမ်စီးကား၂စီး

#မိုင်းဆွဲခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly