စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Non CDM များအား ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Non CDM များအား ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ

ဇွန် ၇

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Non CDM များကို ဖမ်းဆီးပြီး အရေးယူအပြစ်ပေးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် CDF – Kanpetlet မှ ဇွန်လ ၅ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

“တချို့တွေကို ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ထိန်းသိမ်းထားပါတယ်၊ တခြား နယ်သားတွေကိုတော့ နယ်နှင်ဒဏ် ပေးလိုက်ပါတယ်၊ မြို့ထဲမှာ မနေတော့ဖို့နဲ့ ပြီးတော့ အားလုံးကို CDM မလုပ်ခိုင်းတော့ဘဲ အလုပ်နုတ်ထွက်စာ တင်ခိုင်းပါတယ်” ဟု CDF – Kanpetlet ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိန်း က မဇ္စျိမ ကိုပြောသည်။

ပြည်သူလူထုနှင့် ပူးပေါင်းခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပြီး ၎င်းတို့လက်အောက်တွင် အရှက်မဲ့စွာ တာဝန်ထမ်းဆောင်ခြင်း ၊ လစာငွေ ရရှိနိုင်ရေးနှင့် CDMer များကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်သွေးဆောင်သော ပုဂ္ဂိုလ် ရှစ်ဦးအား ဖမ်းဆီးပြီး သင့်လျော်သော အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။

ကန်ပက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု မရှိစေရေးနှင့် အကြမ်းဖက်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် Non CDM များအား တရားစီရင်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း CDF – Kanpetlet မှ ထုတ်ပြန်ကြေညာထားသည်။

၎င်းအပြစ်ပေးအရေးယူခံရသူများမှာ ဒေါက်တာအောင်ဆန်းဦး- မြို့နယ်ဆရာဝန်ကြီး ၊ ဦးဗန်တိုး -ဦးစီးမှူး မြို့နယ် လယ်/စီ/အင်း ၊ ဦးထွန်းတင် - တောအုပ် ၊ခေါနူးစုမ် အမျိုးသားဥယျာဉ် ၊ ဦးအေးမောင် - လယ်အုပ် ၊ ပညာရေး ဒေါ်အွမ်ရောင် - စာရေး (၁) ၊ ပညာရေး ဦးရွှီလိန်း - လယ်ပြ ၊ ပညာရေး ဒေါ်သူဇာအေး - စာရေး ၊ မြို့နယ် လယ်/စီ/အင်း ဒေါ်ရှင်းကီးလိန်း - အကြီးတန်းစာရေး တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်အရ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ဘဏ္ဍာငွေ ခိုးထုတ်နေသူများ ၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူ့ ဘဏ္ဍာငွေအား အလွဲသုံးစား လုပ်နေသူများ၏ အမည်စာရင်းနှင့် တိကျခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိထားပြီးဖြစ်၍ ပြည်သူနှင့် အချိန်မီ ပြန်လည်ပူးပေါင်းခြင်း မရှိပါက ပြင်းထန်စွာ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

#mizzima

#စစ်ကောင်စီနဲ့ပူးပေါင်း

#NonCDM

#အရေးယူအပြစ်ပေး

#ကြေညာချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required