နိုင်ဂျီးရီးယား ကက်သလစ်ဘုရားကျောင်းကို သေနတ်သမားများ တိုက်ခိုက်၍ လူ ၅၀ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယား ကက်သလစ်ဘုရားကျောင်းကို သေနတ်သမားများ တိုက်ခိုက်၍ လူ ၅၀ ဦးထက်မနည်း သေဆုံး

ဇွန် ၆

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သလစ် ဘုရားကျောင်းတစ်ကျောင်း၌ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ် သေနတ်သမားများက လာရောက်တိုက်ခိုက်ခဲ့၍ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆရာဝန်တစ်ဦးနှင့် မီဒီယာများ၏ ထုတ်ဖော်မှုအရ သိရသည်။

သေနတ်သမားများသည် ဘုရားကျောင်း အဆောက်အအုံ အပြင်ဘက်နှင့် အတွင်းရှိ လူများကို ပစ်ခတ်ခဲ့ရာတွင် ဝတ်ပြုဆုတောင်းပွဲတက်သူများ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အွန်ဒိုပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖွန်မီလာယို အီဘူကွန် အိုဒွန်လာမီက ပြောသည်။

အိုဝိုမြို့ရှိ စိန့် ဖရန်စစ် ကက်သလစ် ဘုရားကျောင်း၌ လူမည်မျှ သေဆုံး သို့မဟုတ် ဒဏ်ရာရသလဲ ဆိုသည်ကို သူမက မပြောခဲ့သော်လည်း တိုက်ခိုက်မှု၏ အကြောင်းရင်းကို ရဲများက စုံစမ်းစစ်ဆေးနေသည်ဟု သူမက ပြောသည်။

တနင်္ဂနွေနေ့ ဖြစ်ရပ်က နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မံဖြစ်ပွားခွင့် မပြုသင့်သည့် “လူ အစုအပြုံလိုက် အသတ်ခံရမှု” ဖြစ်စဉ် ဖြစ်ကြောင်း အွန်ဒို ပြည်နယ် အုပ်ချုပ်ရေးမှူး အေရာကွန်ရင် အိုလူဝါရိုတီမီ အေကာရီဒိုလူက ပြောသည်။ အေကာရီဒိုလူသည် တိုက်ခိုက်မှုဖြစ်ပွားရာနေရာနှင့် ဆေးရုံသို့ ရောက်ရှိနေသည့် ဒဏ်ရာရသူများကို သွားရောက်ကြည့်ရှုခဲ့သည်။

လက်ရှိအချိန်တွင် တိုက်ခိုက်သူများက မည်သည့် အဖွဲ့အစည်းက ဖြစ်သလဲ ဆိုသည်နှင့် တိုက်ခိုက်မှု၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မသိရသေးပေ။

“စိန့် ဖရစ်စစ် ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ လုပ်နေချိန် သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့တာက အတော့်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု နိုင်ဂျီးရီးယားရှိ ကက်သလစ် ဘုရားကျောင်း ပြောရေးဆိုခွင့်ရှိသူ သိက္ခာတော်ရ ဆရာတော် ဩဂတ်စတင်း အီကူက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်တွင် ခရစ်ယာန်အသင်းတော်မှ ဂိုဏ်းအုပ်ဘုန်းကြီးနှင့် အခြားခရစ်ယာန် ဘုန်းကြီးများ မထိမခိုက်ဘဲ ဘေးကင်းလွတ်မြောက်ခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly