ဒီးမော့ဆိုတွင် ကင်းလှည့်နေသော စစ်ကောင်စီကား အနီးကပ်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးဟုဆို

ဒီးမော့ဆိုတွင် ကင်းလှည့်နေသော စစ်ကောင်စီကား အနီးကပ်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးဟုဆို

ဇွန် ၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပညာရေးမှူးရုံးရှေ့တွင် ခန့်မှန်းခြေအင်အား ရှစ်ဦး ခန့်ပါ စစ်ကောင်စီကင်းလှည့်ယာဉ် အလစ်အငိုက်တိုက်ခိုက်ခံရပြီး ခြောက်ဦးသေဆုံးသွားကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒီးမော့ဆို PDF နှင့် ပူးပေါင်းတပ်ဖွဲ့များကင်းထောက်နေသည့်အချိန် နယ်မြေကျော်ဝင်ရောက်လာသည့်အတွက် အနီးကပ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ကင်းထောက်နေတဲ့အချိန်မှာ သူတို့က လှည့်ကင်းထွက်တယ်လို့ ပြောလို့ရတာပေါ့နော်။ သူတို့က ရဲစခန်းကနေ 4WD ကားတစ်စီးနဲ့ ထွက်လာပြီးတော့ ကျွန်တော်တို့ဘက်က အသင့်စောင့်နေ တာ။ ကျွန်တော်တို့ကို တွေ့လို့ပြန်လှည့်တာလား ဒီအတိုင်းလှည့်တာလား မသိဘူး။ သူ့တို့ကား ပြန်လှည့် တဲ့ အချိန်မှာ ကျွန်တော်တို့ ပစ်လိုက်တာ” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားနောက်ခန်းမှလိုက်ပါလာသော စစ်ကောင်စီတပ်သား ခြောက်ဦး အနက် သုံးဦးမှာ ကျည်ဆန်ထိမှန်ကာ ကားပေါ်မှပြုတ်ကျကျန်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း PDF တပ်ဖွဲ့က ပြောသည်။

“ ခြောက်ယောက်သေဆုံးတာကို အတည်ပြုလို့ရတယ်။ တစ်ယောက်ပဲ ကားပေါ်မှာ မတ်တပ်ရပ်ပြီး ပါ သွားတယ်။ ကျွန်တော်တို့ ပစ်ပြီးပြီးချင်းပဲ အကာအကွယ်ရနိုင်တဲ့နေရာမှာ ကားကိုရပ်ပြီးတော့ သူတို့က ရမ်းသမ်းပစ်တယ်။ သူတို့က ကျွန်တော်တို့ကိုလည်း မတွေ့ဘူး။ ခဏနေတော့ အလောင်းလာကောက် တယ်။ ပြီးတော့ RPG နဲ့ ရမ်းသမ်းပစ်တယ်” ဟု ဒီးမော့ဆို PDF က ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်းလည်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆို (DMO-Local PDF) ဗျူဟာ(၃)မှ C ၊ D ၊ E တပ် ရင်း၊ တပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဒီးမော့ဆိုမြို့ပေါ်တွင် တိုက်ပွဲများငြိမ်သက်နေပြီး စစ်ကောင်စီ တပ်မှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆို သည်။

#MIzzima

#ကရင်နီပြည်နယ်

#ဒီးမော့ဆိုမြို့နယ်

#စစ်ကောင်စီကင်းလှည့်ယာဉ်

#အနီးကပ်တိုက်ခိုက်ခံရ

#DMO-LocalPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly