ဧရာဝတီတိုင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ Ayearwady UG Association (AUA) ဖွဲ့စည်း

ဧရာဝတီတိုင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ Ayearwady UG Association (AUA) ဖွဲ့စည်း

ဇွန် ၅

ဧရာဝတီတိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းကာ Ayearwady UG Association (AUA) ဖွဲ့စည်းပြီးကြောင်း ဇွန်လ ၄ ရက်နေ့ ရက်စွဲဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

AUA အနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် သုံး ခုမှ တော်လှန်ရေးတပ်ဖွဲ့များဖြင့် ကနဦး ဖွဲ့စည်းထားခြင်းဖြစ်ပြီး အခြားခရိုင်များ၊ မြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့ များနှင့် ချိတ်ဆက်၍ ပူးပေါင်းလှုပ်ရှားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

"ဧရာဝတီတိုင်း မြေပြင်အနေအထားအရ AUA မှာပါတဲ့ တချို့အဖွဲ့တွေက နာမည်ထွက်နေတဲ့အဖွဲ့တွေရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီအဖွဲ့တွေကို စစ်ကောင်စီ ဘက်ကပိုပြီး နောက်ကြောင်းလိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ AUAအနေနဲ့က စစ်ရေးMissionတွေ အဓိက ဦးစားပေးဖော်ဆောင်မှာဖြစ်တာကြောင့် ပါဝင်တဲ့အဖွဲ့တွေ အနေနဲ့ သူတို့ဒေသမှာ နယ်မြေကျဉ်းမြောင်းမှာစိုးတာတွေကြောင့် AUA မှာပါဝင်တဲ့ အဖွဲ့တွေကို မကြေညာတာပါ။ အချိန်တစ်ခုရောက်ရင်တော့ အကုန်ချပြသွားမှာပါ"ဟု AUA ၏ တာဝန်ရှိသူက ပြောသည်။

အကူအညီလိုအပ်နေသည့် မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်များ အပြန်အလှန် အကူအညီရစေရေး၊ စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရေး ၊ အင်အား တောင့်တင်းလာစေရေး၊ ကြီးမားသည့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်စေရေး၊ လိုအပ်နေသည့် ရန်ပုံငွေကို ပြည်တွင်းပြည်ပမှ လက်ခံရရှိမှု လွယ်ကူအဆင်ပြေစေရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ထိထိ ရောက်ရောက် ချိတ်ဆက်နိုင်ရေးနှင့် စစ်အာဏာရှင်ကို စစ်ရေးအရှိန်မြှင့်၍ ထိရောက်သော စစ်ရေးမစ်ရှင်များလုပ်ဆောင်နိုင်ရန်အတွက် Ayearwady UG Association (AUA)ကို ဖွဲ့စည်းခဲ့ကြောင်း တာဝန်ရှိသူထံက သိရသည်။

Ayearwady UG Association(AUA) တွင် ပါဝင်လာခြင်းမရှိသေးသည့် ခရိုင်များ၊ မြို့များတွင် တိုက်ခိုက်ရေးလုပ်ငန်းများလုပ်ဆောင်မည်ဆိုပါက နယ်မြေခံ PDF တပ်ရင်း တပ်ဖွဲ့များအား အသိပေးခွင့်တောင်း၍ သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း လုပ်ဆောင်သွားမည်ဟု AUA ၏ တာဝန်ရှိသူကဆိုသည်။

မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီလိုအပ်မှု၊ မလုံခြုံမှု၊ လက်နက်မပြည့်စုံမှု၊ လက်နက်ဝယ်ယူရေး အခက်အခဲရှိမှု၊ စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဆောင်သူများ ကိုယ်တိုင်အာဏာရှင် ဆန်ဆန် ပွင့်လင်းမြင်သာမရှိမှု၊ နိုင်ငံရေး အမြတ်ထုတ်သူများ၏ လှည့်ဖျားခံရမှု၊ အချိန်ကုန် ငွေကုန်လူပန်းဖြစ်လာမှု၊ ငွေကြေးမလုံလောက်မှု စသည့်အခက်အခဲများ အား ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် Ayearwady UG Association တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

#Mizzima

#ဧရာဝတီတိုင်း

#မြေအောက်တော်လှန်ရေးတပ်ဖွဲ့

#AyearwadyUGAssociation

#ဖွဲ့စည်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly