စစ်သင်္ဘော ၃ စီးအား မြို့လှ KPDF တိုက်ခိုက် ဆလင်ခန်း ထိမှန်

စစ်သင်္ဘော ၃ စီးအား မြို့လှ KPDF တိုက်ခိုက် ဆလင်ခန်း ထိမှန်

ဇွန် ၅

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစီးအား မြို့လှ KPDF တပ်မှ လမ်းခုလတ် မြစ်ကမ်းတစ်နေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်စီး၏ ဆလင်ခန်း(ဦးခေါင်းခန်း) ထိမှန်ကြောင်းသိရသည်။ 

ဒီကနေ့ ဇွန်လ ၅ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် ရွှေကူမြို့နယ် ကျောက်ကြီးရွာနှင့် ဆင်ကုန်တိုင်ရွာအကြား၌ H- 22 လက်လုပ်ရှေ့ပြေးမိုင်း လေးလုံးအပါအဝင် လက်နက်ငယ်များ၊ ၄၀ မမကျည်များဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။ 


"သင်္ဘောသုံးစီး ရှေ့လယ်နောက် အတန်းလိုက်စုန်လာတယ်။ အရှေ့ နှစ်စီးကနေ မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လာတယ်ဗျ၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အဖွဲ့က ကင်းပုန်းဝပ်စောင့်နေပြီး နောက်ဆုံးအစီးကို အမိအရ ပစ်ခတ်လိုက်တာပါ။ အနီးကပ်ပစ်ခတ်နိုင်တာမို့ ထိရောက်မှုတော့ အသေချာပဲဗျ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစီးသည် ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်တွင် ရွှေကူမြို့ဆိပ်ကမ်းမှ စတင်စုန်ဆင်း ထွက်ခွာလာခြင်းဖြစ်သည်။ ပရိဘောဂနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာပြီး သင်္ဘောပေါ်မှ စစ်ကောင်စီတပ်သား  အင်အားအချို့အား ကုန်းလမ်း ရေလမ်းဖြင့် ရွှေကူမြို့အောက်ဖက်သို့ လုံခြုံရေးအနေဖြင့် တပ်ဖြန့်ထားကြောင်း မြို့လှ KPDFထုတ်ပြန်ချက်အရသိရသည်။ 

"မြစ်ကြောင်းအရကြည့်ရင် သူ့တို့အဲ့ဒီလမ်းအတိုင်း မလာလို့ မရတဲ့အခြေနေပါ၊ မြစ်ရေကလည်း အတော်အတန် ကျဆင်းနေချိန်ပေါ့၊ ထိသွားတော့ မီးခိုးတော့ အူသွားတယ်ဗျ” ဟု တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ပုံကို မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။ 

တိုက်ခိုက်မှုအား မိုးကြိုးဦးဆောင်သော မြို့လှ KPDF တပ်ခွဲ (၁) မှ တပ်စုမှူး ရွှေဒေါင်းဦးဆောင်ပြီး လင်းဝါနှင့် တပ်ဖွဲ့ဝင်များကတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ အထိနာသည့် စစ်ကောင်စီတပ်သည် စစ်သင်္ဘောသုံးစီးပေါ်မှ လက်နက်ကြီးများဖြင့် တရစပ် ပြန်လည်ပစ်ခတ်ကာ လက်ရှိအချိန်တွင် ဘိုကုန်းကျေးရွာတွင် ဆိုက်ကပ်၍ စစ်သင်္ဘောလုံခြုံရေး ကမ်းစောင့်အဖွဲ့တပ်သားများ ပြန်တက်ကာ ဆက်လက်စုန်ဆင်းသွားကြောင်း သိရသည်။ 

ဇွန်လ ၃ ရက်နေ့တွင်လည်း ရွှေကူနယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အင်အား ၄၀ ခန့်ပါ ခြေလျင်စစ်ကြောင်းအား မြို့လှ KPDF အရံတပ်က H-22 လက်လုပ်ရှေ့ထွက်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ရာ စကစဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

#mizzima
#ရွှေကူမြို့
#စစ်သင်္ဘောသုံးစီး
#အကြမ်းဖက်စစ်ကောင်စီ
#ဧရာဝတီမြစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required