ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပေါ် တွင် စစ်ကောင်စီ၏ မိုင်းရှင်းတပ်ဖွဲ့နှင့် ယာဉ်တန်း မိုင်းဆွဲခံရ

ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပေါ် တွင် စစ်ကောင်စီ၏ မိုင်းရှင်းတပ်ဖွဲ့နှင့် ယာဉ်တန်း မိုင်းဆွဲခံရ

ဇွန် ၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းတစ်လျှောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်းနှင့် ယာဉ်များကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ဇွန်လ ၃ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇွန်လ ၃ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ မိုင်းရှင်းလင်းရေးအဖွဲ့မှ ရှေ့ပြေးထွက်လာသည့် တပ်သား လေးဦးကို ချောင်းဦးမြို့အဝင်ရှိ ပြည်သူ့အားကစားကွင်းအနီးတွင် CHUPDF တပ်ခွဲ (၁) မှ ဒေသန္တရလက်လုပ်မိုင်း တစ်လုံးသုံး၍ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

“နှစ်ယောက် သေသွားတာကလည်း မျက်မြင်ပဲ။ မြို့ထဲမှာဖြစ်တာဆိုတော့ မြို့ထဲက မြင်တဲ့သူတွေလည်းရှိတယ်။ နောက်ပြီး ကျွန်တော်တို့ အတွင်းသတင်း အတည်ပြုချက်အရရော နှစ်ယောက်ဆိုတာ အတည်ပြုနိုင်တာ။ မုံရွာ-မန္တလေး လမ်းမကြီးကို စစ်ကောင်စီကသုံးမယ်ဆိုရင် ယာဥ်တန်းအကြီးတွေလာဖို့ရှိရင် သူတို့က ပထမဆုံးခြေလျင်အဖွဲ့တွေနဲ့ လမ်းဘေးပတ်ပတ်လည်ကို မိုင်းရှာကြတယ်။ မိုင်းရှင်းပြီးရင် သူတို့သွားစရာရှိတဲ့ ယာဥ်တန်းတွေ အကုန်လုံးကို အဲ့နေ့တပြိုင်တည်းသွားကြတာ”ဟု CHUPDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် မုံရွာမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းကို ချောင်းဦးမြို့နယ်၊ ငါးယှန်နှင့် နတ်ရေကန်ကျေးရွာကြား ပွိုင့်နှစ်ပွိုင့်ခွဲကာ လက်လုပ်မိုင်းအတွဲလိုက်ဖြင့် CHUPDF တပ်ခွဲ (၂) မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ သို့သော် ထိခိုက်သေဆုံးမှု အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။ 

အဆိုပါယာဥ်တန်းတွင် စစ်ကောင်စီကား အစီး ၄၀ ကျော်အပြင် ကြေးနီတင်ဆောင်လာသည့် တွဲကားများပါ ပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“ အားလုံးစုစုပေါင်းဆို အစီး ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အဲဒီကားတွေက လက်ပန်းတောင်း ကြေးနီစီမံကိန်းကနေ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ထဲဝင်နားတယ်။ နမခကနေ မန္တလေးဘက်ထွက်တာ။ မိုင်းဆွဲတာကတော့ အဓိကက စစ်ကောင်စီ ကားတွေကိုပဲ ဆွဲတာ။ ကြေးနီကားက တွဲကားကြီးတွေဆိုတော့ မိုင်းဆွဲလည်း ထိခိုက်မှုနည်းတယ်ဆိုတော့လေ။ မိုင်းဆွဲပြီးရင်လည်း စစ်ကားတွေပေါ်မှာ စက်လက်တွေတင်လာတော့ ထပစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရဲဘော်တွေက ဆွဲပြီးတာနဲ့ ပြေးရတာဆိုတော့ ကားရဲ့ထိခိုက်မှုအခြေအနေကို သူတို့ဘယ်လိုမှ ပြန်မကြည့်နိုင်ဘူး”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီကား ခုနစ်စီးပါယာဥ်တန်း မန္တလေးမှ မုံရွာဘက်သို့ထွက်လာစဥ် နတ်ရေကန်နှင့် ရေပိုးစားကျေးရွာကြား CHUPDF တပ်ခွဲ (၂) မှ ပွိုင့်နှစ်ပွိုင့်ခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) စတင်ဖွဲ့စည်းချိန်ကတည်းက အသုံးပြုခဲ့သည့် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုခ်မှာ ဖြုတ်ချခံလိုက်ရပြီးဖြစ်သည်။ 

နောက်ထပ် ဒုတိယမြောက်စာမျက်နှာမှာလည်း အနီရောင်အဆင့်ရောက်နေကာ ဖြုတ်ချခံရနိုင်သည့်အနေအထားဖြစ်နေသောကြောင့် ယခုအခါ “Chaung U People’s Defence Force- Page 3” အမည်ဖြင့် တရားဝင် စာမျက်နှာအသစ် ထပ်မံပြုလုပ်ထားကာ တိုက်ပွဲသတင်းများထုတ်ပြန်လျက်ရှိကြောင်း အဖွဲ့ဘက်က ယခုကဲ့သို့ အသိပေးလိုက်သည်။

“page 3 ကို Like လုပ်ထားပေးကြပါ။ page 2 က ဘယ်အချိန်ဖြုတ်ချခံရမလဲဆိုတာပြောမရတဲ့အခြေအနေ ဖြစ်နေပြီမလို့” ဟု CHUPDF အဖွဲ့ တာဝန်ရှိသူက သတင်းစကားပါးသည်။

#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#မုံရွာ-မန္တလေးလမ်း
#စစ်ကောင်စီတပ်ဖွဲ့
#မိုင်းရှာ
#စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း
ပုံအဟောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly