မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ကောလိပ် စတင်ဖွင့်လှစ်မည်

By သတင်းနှင့် မီဒီယာ ကွန်ရက်
02 June 2022
မွန်ပြည်သစ်ပါတီက မွန်အမျိုးသား ကောလိပ် စတင်ဖွင့်လှစ်မည်

ဇွန် ၂

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်တစ်ခုကို စတင်ဖွင့် လှစ်မည်ဟု မွန်အမျိုးသားပညာရေး ကော်မတီ MNEC တာဝန်ရှိသူများထံမှ သိရသည်။

မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသား ပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည် ဖြစ်သည်။

မွန်အမျိုးသားကျောင်းများမှ ကျောင်းသူ/ကျောင်းသားများကို နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ရန် အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခြင်းဖြစ်သည်။

”ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင် နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်သင်ခွင့်ရမယ်။ မွန်အမျိုးသား ကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ ဝင်မဖြေထားတဲ့ ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးဖွင့်တာဖြစ်တယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် ဆရာမင်း အောင်ဇေ က ပြောသည်။

မွန်အမျိုးသားကောလိပ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ခန့် လက်ခံသင်ကြားသွားရန် မွန်အမျိုးသားပညာ ရေးဌာန က ပြင်ဆင်ထားသည်ဟုလည်း သိရသည်။

မွန်အမျိုးသားကောလိပ်တွင် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်မှုနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ ဆရာအတတ်သင် ဘာ သာရပ်၊ သတင်းမီဒီယာဘာသာရပ်၊ မွန်ဘာသာရပ်တို့ကို သင်ကြားသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် မဖြစ်မနေအနေဖြင့် မွန်ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့ လူမှုရေးဘာသာရပ်၊ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်၊ သုတေသန ပြုဘာသာရပ်နှင့် ယုတ္တိဗေဒဘာသာရပ်တို့ကိုလည်း သင်ယူရမည်ဖြစ်သည်။

တက်ရောက်ခွင့်ရသူများသည် မွန်အမျိုးသားကောလိပ်တွင် သုံးနှစ် ပညာသင်ကြားရမည်ဖြစ်ပြီး နှစ်နှစ် ပြန်လည် တာဝန်ထမ်းဆောင်ပေးရမည် ဖြစ်သည်ဟု မွန်အမျိုးသားပညာရေး ကော်မတီ MNEC တာဝန်ရှိသူများက ပြော သည်။

မွန်အမျိုးသား ပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်အပြင် မွန်အမျိုးသား မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ၁၄၀ ကျော်ရှိပြီး ကျောင်းသူ/ကျောင်းသားပေါင်း ၂၀,၀၀၀ ခန့် တက်ရောက် ပညာသင် ကြားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly