သထုံခရိုင်၌ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

သထုံခရိုင်၌ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

ဇွန် ၂

ကရင်ပြည်နယ်၊ သထုံခရိုင်၊ KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၌ မေလအတွင်းဖြစ်ပွားခဲ့သော တိုက် ပွဲများတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်ဖြစ်သော BGF တပ်ဖွဲ့ဝင် ၇၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟို က ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNLA ၊ KNDO နှင့် အာဏာသိမ်းစစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တို့အကြား မေလအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ကာ နောက်ထပ် ၅၃ ဦး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း KNU ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကား ငါးစီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်းဆိုသည်။

အဆိုပါ မေလတိုက်ပွဲများတွင် KNLA နှင့် KNDO ပူးပေါင်းဘက်က တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကာ ၁၁ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့တွင် လေယာဉ် နှစ်စီးဖြင့် နှစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၀ လုံး၊ သီလရှင်ကျောင်းတစ်ဆောင် ပျက်စီးသွားခဲ့ကြောင်း KNU သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။

ယင်းတိုက်ခိုက်မှုတွင် နေအိမ်များ ပျက်စီးသွားသည့်အပြင် စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပစ်ခတ် မှုများကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း KNU ၏ ယနေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့်ဝင်းတာပန် BGF တပ်စခန်းနှစ်ခုကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံးထွက်ခွာရန် KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNDO က ကြေညာချက်ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ (၁)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာခရိုင် တပ်မဟာ(၆)တို့တွင် နေ့စဉ့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မကြာသေးမီရက် ပိုင်းက KNU ထိပ်ပိုင်းတာဝန်ရှိသူများမှ ပြောကြားထားသည်။

မေလ ၉ ရက်နေ့ဝန်းကျင်က KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာ သွားသော နယ်ခြားစောင့်တပ်(BGF)များသည် စစ်ကူရောက်ရှိလာသော ယာယီဧည့်တပ်များသာ ဖြစ်ပြီး KNU တပ်မဟာ(၆)နယ်မြေတွင် ပြန်လည်လှုပ်ရှားရန် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း KNU တပ် ဟာ (၅) ဗျူဟာမှူးအသစ် ဗိုလ်မှူးစောဂီနွီးက မေလ ၂၇ ရက်နေ့တွင် ပြောကြားထားသည်။

#Mizzima

#သထုံခရိုင်

#ကရင်ပြည်နယ်

#KNU

#BGF

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly