ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာတွင် မိုင်းနင်းမိ၍ အသက် ၇၅နှစ်အရွယ် အမျိုးသမီးသေဆုံး

ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာတွင် မိုင်းနင်းမိ၍ အသက် ၇၅နှစ်အရွယ် အမျိုးသမီးသေဆုံး

မေ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာတွင် အသက် ၇၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ယနေ့မေလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိ န်ခန့်တွင် မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု သိရသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် ၇၅နှစ်အရွယ် ဒေါ်မတင်သိန်း ဖြစ်ပြီး ရွာ၏မြောက်ဘက် ပေ ၂၀၀ ခန့်ကွာဝေးသည့် တောင်ပေါ်မှာ ဟင်းခူးနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ရုပ်သားကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ရွာအနီးနားက တောင်မှာ ဟင်းခူးသွားရင်း မိုင်းနင်းမိသွားတာပါ။မိုင်းပေါက်တာနဲ့ ကျေးရွာသားတစ်ဦးကမြင်တယ်။ မိုင်းပေါက်တာနဲ့ အဖွားက တောင်အောက်ကို ပြုတ်ကျလာတယ်။ ကျေးရွာသားတွေကို ခေါ်ပြီး ဆေးရုံကိုချက်ချင်းသွားတယ်။ဆေးရုံကိုသွားမယ်ဆိုပြီး စက်လှေပေါ်မှာ တင်တယ်၊ စက်လှေ ပေါ်ရောက်တာနဲ့ စကားတခွန်းလောက်ပဲပြောပြီး အသက်ထွက်သွားတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါမိုင်းနင်းမိပြီး သေဆုံးသွားသူ အဖွာဒေါ်မတင်သိန်းမှာ ဘယ်ဘက်ခြေထောက်ဒူးဆစ်မှပြတ်ထွက်သွားပြီး၊ ညာဘက်ပေါင်နှင့်ခြေသလုံးတို့မှာအသားများပွင့်ထွက်သွားသည်ဟုလည်းသိရသည်။

သေဆုံးသွားသည့်အဖွား၏ ရုပ်လောင်းကို ကျောက်တော်မြို့ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ယနေ့ နေ့လယ် ၂ နာရီတွင် ကျောက်တော်မြို့သုသာန်တွင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

သေဆုံးသွားသည့်အဖွားမှာ သမီးဖြစ်သူနှင့် အတူနေပြီး ဆင်းရဲပင်ပန်းသည့်အတွက် ကျေးရွာအနီးအနားရှိ တောင်ယာတွေပေါ်မှ ဟင်းခူးရောင်းစားကာ သက်မွေးနေရသူတစ်ဦးလည်း ဖြစ်သည်ဟု ကျေးရွာသားက ပြောသည်။

ရုပ်သားကျေးရွာ သုသာန်အနီးတွင် စစ်ကောင်စီတပ်တို့ တပ်စွဲနေထိုင်လျက်ရှိသည်။ ထိုကျေးရွာအနီးရှိ သုသာန်အနီးကို စစ်ကောင်စီတပ်မှ မိုင်းထောင်ထားသည့်အတွက် ကျေးရွာသားများကို သုသာန်အနီးတဝိုက်နှင့် စစ်ကောင်စီတပ်တို့ တပ်စွဲနေထိုင်သည့်အနီးနားကို မလာရန်တားမြစ်ထားသည်ဟု ရွာခံက ပြောသည်။

“ကျေးရွာအတွင်းက ကျွဲ၊နွားတွေက သုသာန်နားကိုသွားမိလို့ မိုင်းနင်းမိလို့ သေရတာလည်းရှိပြီ။ သူတို့ ကကျေးရွာအနားမှာ တပ်စွဲနေထိုင်နေတော့ တော၊တောင်တွေကိုမှီခိုစားသောက်နေကြတဲ့ကျေးရွာသား တွေကအခက်အခဲတွေရှိကြတာပေါ့။၂၀၁၉ ခုနှစ်အတွင်းကလည်း စစ်တပ်က နယ်မြေရှင်းလင်းဖို့အတွက်ဆိုပြီး ရောက်လာတယ်။ ကျေးရွာသူ၊ကျေးရွာသားတွေကိုလည်း ဘုန်ကြီးကျောင်းမှာအကုန်ခေါ် ထားတယ်။ သူတို့က ကျေးရွာအနီးနားက တောင်တွေကိုသွားတယ်။ အခုပေါက်တဲ့ မိုင်းကလည်း စစ်တပ်က ထောင်ထားခဲ့တဲ့မိုင်းပါပဲ” ဟု ကျေးရွာသားတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတပ်တို့ နှစ်နှစ်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရပ်သား ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၂ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ကျောက်တော်မြို့နယ်

#ရုပ်သားကျေးရွာ

#မိုင်းနင်းမိ

#ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly