မြေမြှုပ်မိုင်းနင်းမိ၍ ညာခြေထောက်ဖြတ်ရ

မြေမြှုပ်မိုင်းနင်းမိ၍ ညာခြေထောက်ဖြတ်ရ

မေ ၃၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာမှ ခူမီးတိုင်းရင်းသား လူငယ်တစ်ဦး မေလ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ခြေချင်းဝတ်မှ ပြတ်ထွက်သွားပြီး အခြားထိခိုက်ဒဏ်ရာများလည်း အများအပြားရရှိခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနင်းမိသူလူငယ်မှာ အသက် ၂၀ အရွယ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ မောင်အောင်အောင်ဦး ဖြစ်ပြီး ညနေ ၃ နာရီခန့်တွင် ငရှားကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ မိကျောင်းတောင်ရှိ တောင်ယာထဲတွင်အလုပ်လုပ်ကိုင်ပြီး ပြန်လာချိန် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။

မောင်အောင်အောင်ဦးမှာ အနီးအနားရွာသားတချို့ အကူအညီဖြင့် ဘနူးဘူးရွာအရောက်မှာပင် ညာခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရပြီး ည ၁၀ နာရီခန့်တွင် ပလက်ဝမြို့သို့ရောက်ပြီး အခြေအနေစိုးရိမ်ရ၍ ရခိုင်ပြည်နယ် စစ်တွေဆေးရုံသို့ တိုက်ရိုက် ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

''လူနာက ညာခြေထောက်ဖြတ်ရတဲ့အပြင် ညာပုခုံး၊လက်မောင်း ခန္ဓာကိုယ်အနှံ့ဒဏ်ရာရရှိထားပါတယ်။ ဆရာဝန်တွေရဲ့စစ်ချက်အရ ဆီးလမ်းကြောင်းကိုလည်းထိခိုက်ထားတယ်တဲ့။ ဒီနေ့ မေ ၃၁ မှာတော့ အော်ပရေးရှင်းထပ်ဝင်ရမယ်။ အခု အော်ပရေးရှင်းခန်းရှေ့မှာစောင့်နေကြတာ။ ဆရာဝန်တွေခေါ်တဲ့အချိန်မှ ဝင်လို့ရမယ်။ ထွက်လာမှ သူ့အခြေအနေကို ထပ်ပြောလို့ရမှာပါ '' ဟု လူနာနဲ့အတူ စစ်တွေဆေးရုံကြီးတွင် ရောက်ရှိနေသော လူနာနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် လူနာသည် သတိရသော်လည်း ဒဏ်ရာအခြေနေဆိုးရွားကြောင်းသိရပြီး ဖခင်မရှိတော့ဘဲ မိခင်ဖြစ်သူနှင့်သာ အတူနေထိုင်သောကြောင့် ဆေးဝါးကုသရေးအတွက် အကူအညီလိုအပ်နေကြကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးတင်းမာနေကြပြီး ယခုကဲ့သို့ မကြာခဏမြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားပြီး ဒေသခံများ ထိခိုက်နေကြကြောင်း သိရသည်။

#Mizzima

#ချင်းပြည်နယ်

#ပလက်ဝမြို့နယ်

#ငရှားကျေးရွာ

#ခူမီးလူငယ်

#မြေမြှုပ်မိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly