မြန်မာ့အရေး ကြားဝင်ညှိနှိုင်းဆွေးနွေးရန် အာဆီယံကို အမေရိကန် တိုက်တွန်း

မြန်မာ့အရေး ကြားဝင်ညှိနှိုင်းဆွေးနွေးရန် အာဆီယံကို အမေရိကန် တိုက်တွန်း

မေ ၂၉

မြန်မာအာဏာသိမ်းစစ်အုပ်စု၊ လက်ရှိ ထိန်းသိမ်းခံထားရသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု အကျပ်အတည်းကို အဆုံးသတ်စေရေး လုပ်ဆောင်ရန် အာဆီယံကို အမေရိကန်က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ မိုက်ကယ် ဟဲ့သ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာ၌ ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အကျပ်အတည်းအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ပြီး အာဏာသိမ်းမှုက နိုင်ငံရှိ ဒီမိုကရေစီ အုပ်ချုပ်မှုကို ပျက်စီးစေခဲ့သည်ဟု ၎င်းက ပြောသည်။

အာဆီယံ၏ သက်ဆိုင်ပါဝင်သူအားလုံးအနေဖြင့် မြန်မာနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို အဆောတလျင် ပံ့ပိုးလုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။

“မြန်မာနိုင်ငံရဲ့ အကျိုးတရားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်နည်းလမ်းတစ်ခု ရဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မိမိတို့ ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်”

“ဒီထဲမှာ သက်ဆိုင်ပတ်သက်သူအားလုံးအကြား လွတ်လပ်ပွင့်လင်းစွာ အပြည့်အဝ တွေ့ဆုံနိုင်ခွင့် ထူထောင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် မြန်မာဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်နိုင်စွမ်းကို အသုံးချမှုလည်း ပါဝင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော လူသားချင်းစာနာမှု အကျပ်အတည်းကို ကိုင်တွယ်ရေး လုပ်ဆောင်ချက်များနှင့် လူ့အခွင့်အရေးအပေါ် အကာအကွယ်ပေးရေး ကိစ္စကို ဆွေးနွေးရင်း မေလ ၁၂-၁၃ အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး ၊ မေလ ၉-၁၀ အမေရိကန်-ထိုင်း မဟာဗျူဟာဆိုင်ရာနှင့် ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတို့အပြီး ယခု အမေရိကန်၏ မှတ်ချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးဆိုင်ရာ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ထိန်းသိမ်း မြှင့်တင်ရန် အလို့ငှာ ပိုမို ပြည့်စုံကျယ်ပြန့်သော အာဆီယံ-အမေရိကန် ညှိနှိုင်းဆွေးနွေးမှု ဆက်ဆံရေးကို ထူထောင်အားကောင်းစေရေးနှင့် ဆက်ဆံရေးက စိန်ခေါ်မှုသစ်များကို ဖြေရှင်းနိုင်ရန် ဆက်လက် အလိုက်သင့် ကိုက်ညီမှု ရှိစေရေး ကတိကဝတ်များကို မျှဝေထားသော ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ်ကို အမေရိကန်နှင့် အာဆီယံတို့အကြား သဘောတူခဲ့ကြသည်။

အမေရိကန်သည် ၂၀၀၂ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ မဟာမိတ်များနှင့် ပါတနာများကို ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ၊ ကျန်းမာရေးနှင့် လုံခြုံရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံ (ဘတ် ၄၁၂ ဘီလီယံ) ကျော် ထောက်ပံ့ပေးထားခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းသည် လူသားချင်းစာနာမှု အကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ပံ့ပိုးပေးခဲ့သည်။ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမေရိကန်အစိုးရသည် အာဆီယံ ပါတနာများအတွက် နှစ်ဦးနှစ်ဖက်ပါဝင်သော အကူအညီအဖြစ် ဒေါ်လာ သန်း ၈၀၀ ဘတ်ဂျက်တစ်ရပ်ကို ဘေးဖယ်ပေးထားခဲ့သည်။

ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် နေသားတကျ ဖြစ်စေမည့် အာဆီယံ၏ လုပ်နိုင်စွမ်းကို ထောက်ခံအားပေးခြင်း၊ သန့်ရှင်းပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရရှိစေမည့် ယင်း၏ နည်းပညာကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ဘိုင်ဒင်-ဟားရစ် အစိုးရသည် အာဆီယံအုပ်စုကို အခိုင်အမာ ထောက်ကူပံ့ပိုးထားခဲ့သည်ဟု ၎င်းက ပြောသည်။

အမေရိကန်သည် အာဆီယံ၏ ကပ်ရောဂါဆိုင်ရာ ပြန်လည် နာလန်ထူမှုနှင့် ကျန်းမာရေး လုံခြုံရေးအားထုတ်မှုများကိုလည်း ထောက်ကူပံ့ပိုးသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် Apec အစည်းအဝေးကို သမ္မတ ဘိုင်ဒင် တက်ရောက်မည်လား မေးမြန်းမှုကို ဖြေကြားရာတွင် လက်ရှိအချိန်အထိ အတည်ပြုချက် မရရှိသေးဟု ၎င်းက ပြောသည်။

“ဒါကို ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြောနိုင်တာကတော့ ကျွန်တော်တို့ဟာ အစိမ်းရောင် စီးပွားရေးနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်၊ နောက်ပြီး ရည်မှန်းချက် ပြည့်မီအောင် အဆင့်မြင့်လယ်ဗယ် အစည်းအဝေးအများအပြား လုပ်ဆောင်ခဲ့တာကို အပြည့်အဝ ထောက်ခံထားတယ်ဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။

ဤမတိုင်မီက စီးပွားရေး၊ ဒဏ်ခံနိုင် လွန်မြောက်နိုင်စွမ်းရှိသော စီးပွားရေး၊ သန့်ရှင်းသော စွမ်းအင်နှင့် မျှတသော စီးပွားရေး အပါအဝင် အဓိက ကဏ္ဍလေးခုကို ဖွံ့ဖြိုးစေရေး အာရုံစိုက်မည့် အင်ဒို-ပစိဖိတ် သာယာဝပြောရေးဆိုင်ရာ စီးပွားရေး မူဘောင် (IPEF) ကို အမေရိကန်နှင့် အင်ဒို-ပစိဖိတ် ပါတနာများက စတင်လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required