မန္တလေးတွင် တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးရဲဘော်များ ဆက်တိုက် ဖမ်းဆီးခံနေရ

မန္တလေးတွင် တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးရဲဘော်များ ဆက်တိုက် ဖမ်းဆီးခံနေရ

မေ ၂၉

မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေး ရဲဘော်များ စစ်ကောင်စီတပ်၏ ဆက်တိုက် ဖမ်းဆီးခြင်းကိုခံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Yatanabon Phoenix Gurilla Force အဖွဲ့မှ နေရပ်ခဏပြန်လာသည့် တပ်ဖွဲ့ဝင်တစ်ဦး၏ အပေါင်းအသင်းအချို့ မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရအပြီးတွင် နောက်ဆက်တွဲ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။

“မေလ ၂၅ ရက်နေ့မှာ လူငယ်တစ်ဦးကို သတင်းအရ ရှာဖွေဖမ်းဆီးသွားရာကနေ နောက်ဆက်တွဲ အဖမ်းခံရတာတွေ ရှိလာတာပါ။ တစ်ယောက်မိတာနဲ့ နေရာတွေ လိုက်ပြခိုင်းပြီး အင်အားနဲ့ ဝင်ဖမ်းတာမျိုးပါ။ YPDF ဖြစ်စဉ်လည်း ထိုနည်းတူပါပဲ။ ဒလန် သတင်းပေးကြောင့် တစ်ယောက်စ နှစ်ယောက်စ ပါပြီး နောက်မှ အဆက်အစပ်နဲ့ ပါတာပါ။ အဖွဲ့လိုက်မိတာမျိုးတော့ မရှိပါဘူး။ အချိန်မီ သတင်းရလို့ ရှောင်သွားနိုင်တာ များပါတယ်” ဟု မန္တလေး ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

မန္တလေးမြို့တွင်းတွင် သင်္ကြန်ကာလနောက်ပိုင်း သတင်းပေး ဒလန်များ၏ သတင်းပေးမှု ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားသူများနှင့် ထောက်ပို့များကို စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လာနေပြီး မြို့ပြ တော်လှန်ရေး အင်အားစုများသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းကြောင့် မြို့ကို စွန့်ခွာခြင်းများ ရှိလာသည်ဟု သိရသည်။

“မနေ့က ညပိုင်းမှာလည်း မန္တလေးမြို့ မြောက်ပြင် ကြံခင်းရပ်မှာ လူအယောက် ၂၀ ကို ဖမ်းဆီးသွားတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို မသိရသေးဘူး။ လက်ရှိအခြေအနေက မန္တလေးမြို့မှာ စစ်ကောင်စီတပ်က မြို့ပေါ်က လူတွေကို အကြောင်း အမျိုးမျိုးပြပြီး အိမ်ရာပိုင်ဆိုင်မှု ဆုံးရှုံးအောင် လုပ်နေတာရယ်၊ နောက် UG လူငယ်တွေကို လက်မခံနိုင်အောင် အကြောက်တရားပြ ဖိနှိပ်နေတာတွေရယ် ရှိနေတယ်။ ပြည်သူလူထုအနေနဲ့ကတော့ ရရာတာဝန်ယူနေကြပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် မန္တလေးမြို့ရှိ မြို့နယ်တိုင်းတွင် စစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးခံထားရသည့် အရေအတွက်ကိုမူ အတိအကျ စာရင်းပြုစုနိုင်ခြင်း မရှိသေးကြောင်း MDY Revolution ထံမှ သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် မြေပြင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ရဲဘော်များအနေဖြင့် သတိထားလုပ်ဆောင်ကြစေလိုကြောင်း မန္တလေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တပ်လှန့် သတိပေးထားသည်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် စဉ့်ကိုင်မြို့နယ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့(LPDF)ကိုလည်း ၎င်းတို့အဖွဲ့ ခေါင်းဆောင်အပါအဝင် ရဲဘော် ၁၁ ဦး သေနတ်အရှည်၊ ကျည်ဆန် အမြောက်အမြားဖြင့် ဖမ်းဆီးခံရပြီးနောက် မြို့ပြကို မဖြစ်မနေ ခေတ္တ စွန့်ခွာရတော့မည်ဖြစ်ကြောင်း ယနေ့ မေလ ၂၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

#Mizzima

#မန္တလေး

#တက်ကြွလှုပ်ရှားသူများ

#တော်လှန်ရေးရဲဘော်များ

#စစ်ကောင်စီတပ်

#ဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required