LPDF တပ်ဖွဲ့က ရဲဘော် ၁၁ဦးနှင့် လက်နက်များ ဖမ်းဆီးသိမ်းဆည်းခံရ၍ မြို့ပြကို စွန့်ခွာရတော့မည်ဟုဆို

LPDF တပ်ဖွဲ့က ရဲဘော် ၁၁ဦးနှင့် လက်နက်များ ဖမ်းဆီးသိမ်းဆည်းခံရ၍ မြို့ပြကို စွန့်ခွာရတော့မည်ဟုဆို

မေ ၂၉

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်း ပြောက်ကျားလှုပ်ရှားနေသည့် စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) က ခေါင်းဆောင်အပါအဝင် ရဲဘော် ၁၁ ဦး ဖမ်းဆီးခံရပြီးနောက် မဖြစ်မနေ မြို့ပြကို ခေတ္တ စွန့်ခွာရတော့မည်ဖြစ်ကြောင်း စဉ့်ကိုင် LPDF က မေလ ၂၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။

LPDF က ထိပ်ပိုင်းခေါင်းဆောင် အပါအဝင် ရဲဘော် ၁၁ ဦးသည် သေနတ်အရှည်၊ ကျည်ဆံ အမြောက်အမြားဖြင့် ယခုမေလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ကြရခြင်း ဖြစ်သည်။

“ခေါင်းဆောင်ကတော့ ရှောင်တိမ်းရင်း ညောင်ဦးမှာ အဖမ်းခံလိုက်ရတာပါ။ ကျန်တာတွေကတော့ စဉ့်ကိုင်မြို့နယ်အတွင်းမှာပဲများပါတယ်။” ဟု ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် LPDF တပ်ဖွဲ့ဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ညှဉ်းပန်းမှုကြောင့် ကျဆုံးသွားခြင်း ရှိ၊ မရှိကိုလည်း မသိရသေးကြောင်း ၎င်းက ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းများ အပါအဝင် အစစအရာ ခက်ခဲကျပ်တည်းနေချိန်တွင် ယခုလို ဖမ်းဆီးထိန်းသိမ်းခံရမှုသည် အဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း LPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လတ်တလောတွင် UG မြို့ပြပြောက်ကျား လုပ်ငန်းစဉ်များကို ခေတ္တ ရပ်နားထားမည်ဖြစ်ပြီး မြို့ပြကိုလည်း စွန့်ခွာတော့မည်ဖြစ်ကြောင်း စဉ့်ကိုင် LPDF က ပြောသည်။

“အခုလောလောဆယ်က ကျွန်တော်တို့နယ်မြေဘက်ကို တအားနင်း (ဖမ်းဆီး) နေကြတာပါ။အဲဒါကြောင့် လုံခြုံမယ့်နေရာကို ခေတ္တတိမ်းရှောင်မလို့ပါ” ဟု စဉ့်ကိုင် LPDF က ပြောသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ယခုလပိုင်းတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့အင်အား တိုးချဲ့ပြီး ဖမ်းဆီးစစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းတချို့ ခက်ခဲနေပြီး သတင်းအချက်အလက် စီးဆင်းမှုများလည်း နှောင့်နှေးနေသည့်အတွက် ဒေသခံလူထုများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်တွန်းထားသည်။

#မန္တလေးတိုင်း

#စဉ့်ကိုင်မြို့နယ်

#စဉ့်ကိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)

#ဖမ်းဆီးခံရ

#မြို့ပြပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required